ပုလောမြို့ စည်ပင်သာယာစျေးအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းနိုင်ရေး ကွင်းဆင်းစစ်ဆေး

ပုလော     ဒီဇင်ဘာလ     ၁၄

ပွင့်လင်းရာသီ  ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကင်းရှင်းစေရန် အတွက် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီက ပုလောမြို့ စည်ပင်သာယာစျေးကြီးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်  အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့က ပုလောမြို့ စည်ပင်သာယာစျေးကြီးအတွင်း စျေးရောင်းသူများ အသုံးပြုသည့် မီးကြိုးများတပ်ဆင် အသုံးပြုမှု၊ မီးသတ်ဆေးဗူး၊ မီးချိပ်၊မီးကတ်၊ရေပုံး ထားရှိမှု၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ရေရရှိနိုင်မှု အခြေအနေများကို စစ်ဆေးပြီး၊ လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေး မှာကြားခဲ့သည်။

ယင်းနောက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက စျေးရောင်းသူ၊ ဝယ်သူများ ကို ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း များ Mask တပ်ဆင် သွားလာကြရန်၊ မြို့နယ်ခန်းမ၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ပြည်သူများ အနေဖြင့် လာရောက်၍ ကာကွယ်ဆေးထိုးနှံကြရန် နှင့် နှာခေါင်းစည်း တပ်ဆင် သွားလာခြင်း မရှိသည့် ပြည်သူများအား နှာခေါင်းစည်း Maskများ အခမဲ့ ဖြန့်ဝေတပ်ဆင် သွားလာစေခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)