ကော့သောင်း ဒီဇင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇ ပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီအချိန်က မြို့ပေါ်ရပ်ကွက် များအနှံ့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
အသိပေးနှိုးဆော်ရာတွင်ကိုဗစ်-၁၉ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် တားဆီးနိုင်ရေး သတိပြုကြရမည် ဖြစ်သော်လည်း ကြောက်စရာမဟုတ် ပါကြောင်း၊ မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွား မလာခြင်း၊ လက်ကို စနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်း စသော စည်းမျဉ်းစည်းကမ်းများကို ဆက်လက်လိုက်နာကျင့်သုံးသွားကြရန်နှင့် ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားရှိသည့် ညွှန်ကြား ချက်များအား ပြည်သူများ သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြ ခြင်းဖြစ်သည်။
ကော့သောင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိအဖွဲ့အစည်းများပူးပေါင်းကာ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆောင်ရွက်လျက်ရှိရာ မြို့နေ လူဦးရေ၏၅၀%ခန့်ကို ကာကွယ်ဆေး ထိုးနှံမှုလွှမ်းခြုံနိုင်ပြီးဖြစ်သော်လည်း ယနေ့ ကမ္ဘာ့နိုင်ငံ တစ်ချို့တွင် ကူးစက်မှုဖြစ်ပွားစပြုလာနေသည့် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ မိမိတို့ မြို့နယ်အတွင်းသို့ ကူးစက်မှု မဖြစ်ပွားစေရန်နှင့် မြို့နေပြည်သူများ သတိပြုဆင်ခြင်နိုင်ကြ စေရန် အသိပေးနှိုးဆော်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ကျော်စိုး(ကော့သောင်း)