သံတောင်ကြီး ဒီဇင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ၌ မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မိဘပြည်သူများအနေဖြင့်အတတ်နိုင်ဆုံးအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ပြင်ပမှ ဧည့်သည် များလက်မခံရန် နှင့် အခြား သူများထံသို့သွားရောက်မလည်ပတ်ရန်၊ အရေးကြီးကိစ္စနှင့် အပြင် ထွက်ပါက လူတိုင်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ လူစုလူဝေးရှိသောနေရာများကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန်၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်း မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေဝင်လေထွက် ကောင်းသောအခန်း၌သာနေထိုင်ရန်၊ ရောဂါကူးစက်ခံရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများကို ကူးစက်ခံရပါက ဝေဒနာပြင်း ထန်စွာခံစားရပြီး အသက်အန္တရာယ်ကိုပါထိခိုက်နိုင်သဖြင့် ပူးပေါင်းပါဝင်လိုက်နာကြ စေရန်အတွက် တိုက်တွန်း အသိပညာပေး နှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)