ပေါင်းတည်မြို့၌ အိုမီခရွန်(Omicron) ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်

ပေါင်းတည် ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ အိုမီခရွန်(Omicron)အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ရာ ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများက နွယ်ချို(၁)ရပ်ကွက်အတွင်း လိုက်လံအသိပညာပေး​ နှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် လက်ရှိအခြေအနေမှာ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ သည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့် စိုးရိမ်ရသည့် မျိုးကွဲသစ်ဖြစ်သည့်အတွက် မြို့နယ်အတွင်း ဗီဇပြောင်းအိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မိဘပြည်သူများအနေဖြင့် အရေးအကြီးဆုံးက အတတ်နိုငိဆုံး မဖြစ်မနေအိမ်တွင်း၌ နေထိုင်ကြရန် သို့မှသာ ရောဂါ ကွင်းဆက် ပြတ်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ သွားလာရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကိုစနစ်တကျတပ်ဆင်ပါ။ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာ ခြင်းကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ လေဝင်လေထွက် မကောင်းသော အခန်း များကို ရှောင်ရန်၊ ပြူတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင် လုပ်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် စသည့်အချက် များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)