ဘားအံ ဒီဇင်ဘာ ၁၃
လူ့ဘောင်အကျိုးပြု လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးသည့်အနေဖြင့် ဂုဏ်ပြုချီးမြှင့်သင့် သူများကို ဂုဏ်ပြုပေးခြင်းဖြစ်ပြီး ဆက်လက်ချီးမြှင့်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည် နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) တွင် ကျင်းပသည့် ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပါဝင်ဆောင်ရွက်ခဲ့သော ကျန်းမာရေးဝန်ထမ်းများနှင့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်း ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်ဆုများရရှိခဲ့သော ကရင်ပြည်နယ်မှ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားတွင် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အပိုင်းတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဇူလိုင်လမှစ၍ ယနေ့ထိ အကြိမ်ရေ ခြောက်သိန်း လေးသောင်းကျော်ကို ထိုးနှံပေးနိုင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်း ၃၀၀ ကျော်ကို အသိအမှတ် ပြုသည့်အနေဖြင့် ဂုဏ်ပြုချီးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ အလားတူ ၂၀၂၁ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းဆိုင်ရာ စွမ်းရည်ပြိုင်ပွဲများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကရင်ပြည်နယ်မှ ထူးချွန်ဆုအများဆုံး ရရှိခဲ့သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့် ပေးခြင်းဖြစ်ကြောင်း၊ ငွေကြေး၊ ပစ္စည်း၊ အခွင့်အရေး ရယူလိုမှု၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ နိုင်ငံရေး ဖိအားပေးမှုမပါဘဲ လူ့အဖွဲ့အစည်းအား အကျိုးပြုခဲ့ကြသည့်အတွက် လေးစားဂုဏ်ယူမိပါကြောင်း အမှာစကား ပြောကြားပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာတွင် ပါဝင်ဆောင်ရွက်ခဲ့သော ကျန်းမာရေး ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၇၉၂၀၀၀၀ (ခုနှစ်ဆယ့်ကိုးသိန်း နှစ်သောင်းကျပ်) ကို ထောက်ပံ့ပေးအပ်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် စွမ်းစွမ်းတမံကူညီပေးခဲ့ကြသည့် ကြက်ခြေနီစေတနာ့ လုပ်အားရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ် ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က ရှေးဦးပြုစုနည်း သင်တန်းများ အကြိမ်ရေအများဆုံး ဖွင့်လှစ်ပေးနိုင်သည့် မြို့နယ်ဆုများအား ဂုဏ်ပြုဆုများချီးမြှင့်ပြီး ပြည်နယ် လူမှုရေးဝန်ကြီးဦးစိုးလွင်က ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်စာစီစာကုံးနှင့် ဉာဏ်စမ်း ပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများအား ဆုများပေးအပ်ချီးမြှင့်ကာ ပြည်နယ်ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ စောစိုးမင်း၊ ဘားအံမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးသောင်းထွန်းတို့က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ယင်းနောက် ဘားအံမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးဇေယျာမိုးမြင့်က ပြိုင်ပွဲဝင်ရောက်ခဲ့မှု အတွေ့အကြုံများအား ရှင်းလင်းတင်ပြပြီး ကြက်ခြေနီစေတနာ့လုပ်အားရှင် သီချင်းဖြင့် သီဆိုဂုဏ်ပြု ခဲ့ကြကာ ကရင်ပြည်နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့အနေဖြင့် ကမ္ဘာ့ရှေးဦးပြုစုခြင်းဆိုင်ရာ စွမ်းရည်ပြိုင်ပွဲတွင် ပြိုင်ပွဲ အမျိုးအစား (၁၀) မျိုး၌ ဆုပေါင်း ၁၁ ဆုဖြင့် ထူးချွန်ဆုအများဆုံး ရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မွန်းလွဲ ၁ နာရီခန့်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်း လုံခြုံရေးတာဝန်များ အား ထူးချွန်စွာ ဆောင်ရွက်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပန်းခင်းစီမံချက် တာဝန်ထမ်းဆောင် လျက်ရှိသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့် အမှာစကားပြောကြားပြီး ပြည်နယ်အတွင်း လုံခြုံရေးတာဝန်များအား ထူးချွန်စွာ ဆောင်ရွက်ခဲ့သော တပ်မတော်သားများထံ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်က လုံခြုံရေး တာဝန်များ အား ထူးချွန်စွာ ဆောင်ရွက်ခဲ့သော တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ကိုယ်စား ကိုယ်စားလှယ် တစ်ဦးထံသို့ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က လုံခြုံရေးတာဝန်များအား ထူးချွန်စွာဆောင်ရွက်ခဲ့ သော တပ်မတော်သားများနှင့် အမှတ်(၂၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များကိုယ်စား တပ်ဖွဲ့ခွဲမှူးထံ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် ပြည်နယ်စီးပွားရေးရာ ဝန်ကြီးဦးစောခင်မောင်မြင့်က ပန်းခင်းစီမံချက် တာဝန်ထမ်းဆောင်လျက်ရှိ သော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများကိုယ်စား ကိုယ်စားလှယ် တစ်ဦး ထံ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကိုယ်စား ကိုယ်စားလှယ်တစ်ဦးနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးတို့က ကျေးဇူးတင် စကား ပြောကြားသည်။
ယခုအခမ်းအနားတွင် ပြည်နယ်အတွင်း လုံခြုံရေးတာဝန်များအား ထူးချွန်စွာဆောင်ရွက်ခဲ့သော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၆၀) သိန်းနှင့် ပန်းခင်းစီမံချက်တာဝန်ထမ်းဆောင် လျက်ရှိသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် ငွေကျပ် (၂၅) သိန်း စုစုပေါင်းငွေကျပ် (၈၅) သိန်းကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)