ပွင့်ဖြူ ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး မုန်းသီတာခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရန် အားကစားပြိုင်ပွဲများ၊ စာစီစာကုံး ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ကဏ္ဍအလိုက် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် အမှာစကား ပြောကြားသည်။
ထို့နောက် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရန်လင်းအောင်က အားကစား ပြိုင်ပွဲများအနေဖြင့် ဖူဆယ်ကစားနည်းပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲ များအပါအဝင် အားကစားနည်း(၂၅)မျိုးကို မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများနှင့် ချိတ်ဆက်၍ ပြိုင်ပွဲများကို ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း၊ ဆုရရှိသူများကိုလည်း ထိုက်တန်စွာ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးက (ထက်၊လယ်၊မူ)ဆင့် စာစီစာကုံးပြိုင်ပွဲများကို အခြေခံပညာကျောင်းများတွင် ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြိုင်ပွဲအလိုက် ဆုရရှိသူများကိုလည်း ထိုက်တန်စွာ ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်ဝါဝါလှိုင်(ပြန်/ဆက်)