မိုင်းယောင်း ဩဂုတ် ၂၂
ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(CERP)ဖြင့် ဆောင်ရွက်သော ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် ခရိုင် မိုင်းယောင်းမြို့နယ် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း တွင် စုပေါင်း မျိုးကွဲပယ်ခြင်းကို ဩဂုတ် ၂၂ ရက်က ကျင်းပရာ မျိုးစေ့ထုတ်အကျိုးဆောင်တောင်သူများ တက်ရောက်လေ့လာကြကာ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ မျိုးကွဲ နုတ်ပယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
မျိုးကွဲအပင်များကို ပင်ပွားစုံချိန်တွင် အမြစ်ပါ ပါအောင် ဆွဲနုတ်ရကြောင်း၊ ပန်းပွင့်ချိန်နှင့် ရင့်မှည့်ချိန်တို့တွင် တံစဉ်များ ဖြင့် ရိတ်ဖြတ်ရကြောင်း၊ ပန်းပွင့်ချိန်တွင် မျိုးကွဲအပင်များကို ခွဲခြားရန် အလွယ်ကူဆုံးဖြစ်၍ အထူးအလေးထား ဆောင်ရွက် သွားသင့်ကြောင်း၊ မျိုးစေ့စံကွက်များ အထွက်နှုန်း တိုးတက်စေရေးအတွက် အကျိုးဆောင် တောင်သူ၊ မြေနေရာ၊ မျိုးရွေးချယ်ခြင်းနှင့် မျိုးစေ့ရယူခြင်းများကို စနစ်တကျ ဆောင်ရွက်ရကြောင်း၊ မျိုးသန့်ထုတ်လုပ် သူများ အနေနှင့် မျိုးများစိုက်ပျိုးခြင်း၊ မျိုးကွဲ နုတ်ပယ်ခြင်း၊ ရိတ်သိမ်းအခြောက်ခံခြင်းနှင့် သိုလှောင်ခြင်း စသည့် မျိုးကောင်း မျိုးသန့် မျိုးစေ့များ စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ နည်းစနစ်များအား လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက ပြောသည်။
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ်အတည်းများမှ အမြန်ဆုံးရုန်းထွက်နိုင်ရေး ကာလတိုစီမံချက်ဖြစ်သော COVID-19 Economic Relief Plan(CERP) အစီအစဉ်တွင် လယ်ယာကဏ္ဍ၏ မျိုးစေ့ထုတ်လုပ်မှုတွင် အလုပ်အကိုင် အခွင့်အလမ်းရှိရေး၊ စပါးမျိုးကောင်း မျိုးသန့် မျိုးစေ့များ ပွားများထုတ်လုပ်ရေးနှင့် တောင်သူများ မျိုးကောင်း မျိုးသန့် ဖူလုံစွာ စိုက်ပျိုးနိုင်ရေးတို့ ပါဝင်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း