ပခုက္ကူမြို့၌ ဂျပန်စကားပြော(အခြေခံ)သင်တန်းဖွင့်လှစ်သင်ကြားပေး

ပခုက္ကူ  ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ပါရမီရိပ်သာကျောင်းတိုက်၊ ဝိသာခါခန်းမ၌ ဂျပန်စကားပြော(အခြေခံ)သင်တန်းကို နိုဝင်ဘာလ ၁ရက်မှစတင်ပြီး အခမဲ့ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် မြန်မာ-ဂျပန်အသိအမှတ်ပြုသင်ရိုးစာအုပ်(Japanese N5 Level-1)တွင် ပါဝင်သည့် Vocabulary, Grammar, Reading စသော ဂျပန်စာလုံးရေးပုံရေးနည်း၊ အသံထွက်စကားပြော ဆိုနည်းနှင့်နေ့စဉ်သုံးဂျပန် စကားပြောများကို   သင်တန်းနည်းပြဆရာမ(၇)ဦးတို့က ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၁ရက်နေ့မှ ၂၀၂၂ခုနှစ်၊ဇန်နဝါရီလကုန်အထိ သင်တန်းကာလ သုံးလကြာ စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား (၇၄)ဦး၊ သင်တန်း သူ (၅၉)ဦး၊ စုစုပေါင်းသင်တန်းသား၊သူ (၁၃၃)ဦးတက်ရောက်ကြကြောင်း သင်တန်းနည်းပြဆရာမ မညမ်းထံက သိရသည်။  

ဂျပန်စကားပြော(အခြေခံ)သင်တန်းတက်ရောက်သူများမှာ ပခုက္ကူမြို့နယ်အတွင်းက လူငယ်လူရွယ်များပြားပြီး သင်တန်းစရိတ် နှင့်စားစရိတ်အခမဲ့စီစဉ်ပေးခြင်းဖြစ်ကြောင်း၊ မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာများမှ သင်တန်းသားတစ်ချို့မှာ ကျောင်းတွင်ပင် ညအိပ်နေထိုင်၍ သင်ယူစေကြောင်း၊ သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းကြောင့် မိခင်ဘာသာစကားအပြင် နိုင်ငံခြားဘာသာစကား တစ်မျိုးမျိုးသင်ယူ တတ်မြောက်ခြင်းဖြင့် ပိုမိုအရည်အချင်းပြည့်ဝစေရန်၊  အလုပ်အကိုင်အခွင့်အလမ်း များရရှိစေရန်နှင့်ထိုပညာရပ်များအား နောင်မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်းပညာသင်ကြားပေးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ဒေသအကျိုးပြုမည့်သင်တန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာအထောက်အကူပြုမည့် သင်တန်းများ အခမဲ့ဆက်လက်ဖွင့်လှစ် သင်ကြားပေးနိုင်ရေး ကျောင်းဝန်းအတွင်းသင် တန်းဆောင်များ ဆောက်လုပ်ဆဲဖြစ် ကြောင်း၊ ဒါ့အပြင် သင်တန်းသား၊သူများ၏ စိတ်ကြည်လင်းလန်းဆန်းစေရန်နှင့်ကောင်းမွန်မှန်ကန်သောစိတ်ဓာတ်များ ဖြစ်ပေါ်စေရန်တို့အတွက် မနက်သင်တန်းမ စတင်မီနှင့်ညနေ သင်တန်းပြီးချိန်တို့တွင် တရားဟောကြားနာယူစေခြင်း၊ တရား ထိုင်စေခြင်းများ နေ့စဉ်လေ့ကျင့်ပြုလုပ်ပေးလျက်ရှိကြောင်း ပခုက္ကူမြို့၊ တိလောကရာမ၊ပါရမီရိပ်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဝံသက မိန့်ကြားသည်။  

 

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)