ထားဝယ် သြဂုတ် ၂၂
ထာဝယ်ခရိုင်အတွင်းရှိ ၂၀၁၉−၂၀၂၀ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ စနစ်သစ်ပညာရေး အစီအစဉ်အရ ဗလငါးတန်နှင့် ပြည့်စုံပြီး လူ့စွမ်းအား အရင်းအမြစ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် ဘက်စုံထူးချွန်သည့် ကျောင်းသား/ ကျောင်းသူများကို လေ့ကျင့်ပြုစု ပျိုးထောင် ပေးခြင်းသည် ပညာရေးဝန်ကြီးဌာန၏ ပင်မလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါကြောင်း၊ နိုင်ငံတော် အနေဖြင့် ဘက်စုံပညာ ထူးချွန်သည့် ကျောင်းသား/ကျောင်းသူများကို စိစစ် ရွေးချယ်ပြီး ဂုဏ်ပြုချီးမြှင့်သည့် အစီအစဉ်များအနက် အသိဉာဏ် ပညာ ထူးချွန်ပြီး အကျင့်စာရိတ္တ ကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်သည့် ကျောင်းသား/ကျောင်းသူများအတွက် ရည်ရွယ်ကာ ၁၉၆၄ ခုနှစ်မှ စတင်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လူရည်ချွန်တစ်ဦးဖြစ်အောင် ကြိုးစားအားထုတ် နိုင်သည့် အစွမ်းသတ္တိကို ချီးကျူးဂုဏ်ပြုရမှာဖြစ်ပါကြောင်း၊ လူရည်ချွန်မောင်မယ်များအနေဖြင့် မိမိဒေသအတွက် ယခုလိုဂုဏ်ယူနိုင်အောင် ကြိုးစားဆောင်ရွက်ပေးသည့်အတွက် ဂုဏ်ယူပါကြောင်း၊ သင်ကြားပြသပေးသော ဆရာ/မများ၊ ပံ့ပိုးပေးကြသော မိဘများအားလုံးကို လည်း အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်ပြီး မိဘ၊ ဆရာနှင့် ကျောင်းသား/ ကျောင်းသူများကလည်း ဆက်လက်ကြိုးစား ပေးကြစေလိုကြောင်း စသည်ဖြင့် ပြောကြားပါသည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးပညာရေးမှူး၊ ညွှန်ကြားရေးမှူးဦးဖြူဝင်းက ဂုဏ်ပြု နှုတ်ဆက်စကား ပြောကြား ပြီး ထားဝယ်ခရိုင်ပညာရေးမှူး ဒေါ်ကြည်ကြည်စန်းက လူရည်ချွန်ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြ သည်။ ထို့နောက် ထားဝယ်မြို့ မဟာရွှေဂုဏ်ထူး ကိုယ်ပိုင် အထက်တန်းကျောင်း၊ ဒသမတန်းမှ (၃)ထပ်ကွမ်းလူရည်ချွန် မအိကြည်ဖြူကျော်၊ အထက(၁) နဝမတန်းမှ (၂)ထပ်ကွမ်းလူရည်ချွန် မောင်မင်းဟန်သာ၊ အထက(၄) ဒသမတန်းမှ လူရည်ချွန် မောင်တင်ကိုဟိန်း၊ အထက(၁) နဝမတန်း လူရည်ချွန် မဆုမြတ်ကျော်၊ အထက(၁) အဋ္ဌမတန်း လူရည်ချွန် မသင်းရွှေရည်ထက် နှင့် မောင်တိုးခိုင်မြဲတို့အား တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများ၊ လူရည်ချွန် ကျောင်းသား/ ကျောင်းသူဟောင်းများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
(တိုင်းဒေသကြီးပြန်/ဆက်)