ဘားအံ ဒီဇင်ဘာ ၁၃
ကျောင်းသား/ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများရရှိစေရန်၊ ကလေးများကို ကာကွယ်သည့် ဥပဒေများ၊ ကလေးအလုပ်သမားအကြောင်းသိရှိစေရန် ရည်ရွယ်၍ ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်ပိုင်းက ဘားအံလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခက်ခက်လွင်က အသက် ၁၄နှစ်မှ ၁၆နှစ်အထိ ကလေးအလုပ်သမားများကို ခိုင်းစေလိုပါက မှတ်ပုံတင်ဆရာဝန်၏ ထောက်ခံချက် ပါရှိရန်လိုကြောင်း၊ ကလေးများကို အန္တရာယ်ရှိစေမည့် အလုပ်၊ ပြင်းထန်ပြီး ထိခိုက်ဒဏ်ရရစေမည့်အလုပ်၊ ဖိစီးမှုများသည့်အလုပ်၊ ပင်ပန်းကြီးစွာ လုပ်ရသောအလုပ်များကို စေခိုင်းခြင်းမပြုလုပ်ရကြောင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုများ၊ အကြမ်းဖက်ခံရခြင်းများမဖြစ်စေရန် ဥပဒေများထုတ်ပြန်ထားကြောင်း အသိပညာပေး ဟောပြော ခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးအလုပ် သမား ပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များ၊ ဓာတ်ပုံပြပွဲများကို ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရ သည်။
ခရိုင်(ပြန်/ဆက်)