ကျောက်ကြီး ဒီဇင်ဘာ ၁၃
ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့တို့ ပူးပေါင်း၍ မိုင်းအန္တရာယ် အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။
ဟောပြောပွဲသို့ ကျောက်ကြီးမြို့ အခြေခံပညာ အထက်တန်းကျောင်းနှင့် အထက(ခွဲ) ပဲခူးရပ်ကျောင်း တို့မှ ကျောင်းသား၊ ကျောင်းသူ (၂၅)ဦး တက်ရောက်ပြီး၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သော်ဇင်အောင်မှ ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမင်းမြတ်ဘုန်းက ကြက်ခြေနီ အကြောင်းသိကောင်းစရာ များ၊ ကြက်ခြေနီတပ်ဖွဲ့သည် အခြေခံမူ (၇)ချက်ဖြင့် ရပ်တည်ပုံများ၊ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန် ဆိုသည့် ခေါင်းစဉ်အောက်တွင် ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်၊ ဘေးအန္တရာယ် ကျရောက်မှုကို ကာကွယ်ရန်ဆိုသည့် လုပ်ငန်းသုံးရပ်ဖြင့် ဆောင်ရွက်ကြောင်း အသိပညာပေးပြောကြား ကာ လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရမည့် အချက်များအသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ကြက်ခြေနီအသင်း (ခွဲ)အဖွဲ့ဝင် ဦးကျော်ကျော်နိုင်က စစ်လက်နက်ပစ္စည်းဖြစ်သော မြေမြှုပ်မိုင်း၊ လက်လုပ်မိုင်း၊ ကြိုးဆွဲမိုင်းများ၏ အန္တရာယ်ကြီးပုံများ၊ မိုင်းအန္တရာယ် သတိပေးထားရှိ တတ်ပုံများ၊ မိုင်းအားတွေ့ရှိပါက ကြိုတင်ရှောင်ရှားပြီး သက်ဆိုင်ရာအကြီးကဲများထံ သတင်းပို့ရန် ဗီနိုင်းပိုစတာများဖြင့် ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက မိုင်းအန္တရာယ် အကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ရုပ်ပုံစာအုပ်များ ဝေငှပေးခြင်း များ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်