ပြည် ဒီဇင်ဘာ ၁၃
ပြည်မြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပုလဲသီတာခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ခရီးစဉ် လမ်းညွှန်မှာကြားချက်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ မှာကြားချက်များ ပြည်မြို့နယ်အတွင်း “သရေခေတ္တရာဥယျာဉ်မြို့တော်” မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ၊ အခြေခံပညာ ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုများ၊ မဲစာရင်း ရေးသွင်းခြင်းအား အချိန်မီပြီးစီးနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နေမှုများနှင့် ဒီဇင်ဘာ အားကစားလတွင် လူထုလှုပ်ရှားမှုများ ကျင်းပဆောင်ရွက် ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား ဘဏ္ဍာရေးနှစ်အတွင်း စီမံကိန်း လျာထားတင်ပြ ဆောင်ရွက်ရန်နှင့် ကားလမ်းများတွင် ဆိုင်ကယ်စီးလမ်းများ ရေးဆွဲထားရန်၊ လမ်းမီးတိုင်းများ စိုက်ထူရာတွင် သက်ဆိုင်ရာဌာနများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြား ခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများက စက်ဘီးစီးပြိုင်ပွဲ ကျင်းပမည့် အခြေအနေ၊ Mobile ဆိုလာရေတင်စနစ် ဆောင်ရွက်ထားရှိမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သင်တန်း ဖွင့်လှစ်မှု များနှင့် ပတ်သက်၍ တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက် မှာကြားပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်