ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန် နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးမဖြစ်မနေထိုးနှံကြရန် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်း ဆက်လက်ဆောင်ရွက်

ပွင့်ဖြူ ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်နှင့် ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး မဖြစ်မနေ ကာကွယ်ဆေး ထိုးနှံကြရန် အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ  ယမန်နေ့ ညနေ ၅  နာရီခွဲက မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် ကျစ်ကိုင်း‌ကျေးရွာနှင့် ဖလံတောကျေးရွာသို့ သွားရောက်ပြီး အသံချဲ့စက် ယာဉ်ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော် ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍  ဗီဇပြောင်းမျိုးကွဲသစ် ဖြစ်သည့်   အိုမီခရွန် (omicron)  ကြိုတင် ကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို အများပြည်သူ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ရေး နည်းလမ်းများဖြစ်သည့် မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask) မဖြစ်မနေ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုစက္ကန့် (၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါ နေထိုင်သွားလာကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်၊ မိမိတို့နေအိမ်တွင် အသက်အရွယ်ကြီးရင့်သူများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် နာတာရှည် ရောဂါတစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်ပေးပြီး လေဝင်လေထွက် ကောင်းသည့်နေရာတွင် နေထိုင်ပေးကြရန်၊ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရေး ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး မဖြစ်မနေ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန်၊ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာ ဆောင်ရွက်ကြရန်၊ ရောဂါကူးစက် ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး လမ်းညွှန်ချက်များကို ပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်တို့ကို ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကျေးရွာတွင်း လှည့်လည်ကာ အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်ဝါဝါလှိုင် (ပြန်/ဆက်)