ညောင်လေးပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှ ကာကွယ်နိုင်ရန် အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန် မြှင့် ဆောင်ရွက်

ညောင်လေးပင်   ဒီဇင်ဘာ    ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်  အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အသိပညာပေး နှိုးဆော်ရာတွင် ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုမှ ကာကွယ်နိုင်ရန် အိမ်အတွင်း၌သာ အတတ်နိုင်ဆုံးနေထိုင်ကြရန်၊မိမိအိမ်သို့ ဧည့်သည်များလာရောက်ခြင်းနှင့်အခြားသူများထံသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ မဖြစ်မနေအပြင်ထွက်ပါက နှာခေါင်းစည်း(Mask)များစနစ်တကျတပ်ဆင်ပြီး တစ်ဦးနှင့်တစ်ဦး ၆ ပေခွာ၍ ပြောဆိုဆက်ဆံရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ လက်ကို ဆေးကြောခြင်းမပြုပဲ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်တွယ်ခြင်းမပြုရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများတွင် နေထိုင်ခြင်းမှ ရှောင်ရှားရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း၊ အများနဲ့တွေ့ဆုံပြီး ပြန်လာတိုင်း နှာခေါင်းစည်း (Mask)များကို အိမ်အပြင်တွင် စွန့်ပစ်ရန်၊ မိမိတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ သွားရောက်စစ်ဆေးရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးအား အမြန်တားဆီးကာကွယ်နိုင်ရန်အတွက် မိဘပြည်သူများက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရန် အသိပညာပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်ရေးကို  ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရ သည်။