တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့၌ အခြေခံမဲန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

ကျွန်းစု ဩဂုတ် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်‌၌ အခြေခံမဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်အဝေး ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ကျွန်းရတနာခန်းမ၌ ပြုလုပ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး မဲပေးပိုင်ခွင့်ရရှိ‌ရေး၊ ပထမအကြိမ် အခြေခံမဲ ဆန္ဒရှင် စာရင်းများ ကပ်ထား ကြေညာထားသည့်အပေါ် လိုအပ်သည်များအား ပြန်လည် ဖြည့်စွက်နိုင်ရေး၊ ရက်ကွက်/ကျေးရွာများအလိုက် တာဝန် ပေးအပ်မည့် ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကာလအတွင်း မဲရုံများ၌ သတ်မှတ်ချက်များနှင့်အညီ စီမံဆောင်ရွက်သွားရန် စသည့် လုပ်ငန်းစဉ် များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဇော်ထွန်းလင်းက ကျွန်းစုမြို့နယ်၌ မဲဆန္ဒရှင်စုစုပေါင်း (၁၀၅၈၅၉)ဦးနှင့် မှတ်ပုံတင်မရှိသူဦးရေ (၂၈၁၄၉)ဦးရှိကြောင်း အသေးစိတ် ရှင်းလင်းပြီး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် များ အနေဖြင့် စာရင်းများကောက်ယူရာတွင်  ဖြည့်သွင်းရမည့် အချက်များ၊ မှန်ကန်စွာဖြည့်သွင်းနိုင်ရေး လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ခြူးမျက်ချယ်က ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)တို့ဖြင့် တင်သွင်းလာသည့် မဲဆန္ဒရှင် စာရင်းများ စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့်များအား ရှင်းလင်း ပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြား ဆွေးနွေးပေးခဲ့ ကြောင်း သိရသည်။

မင်းကျော်စော (ပြန်/ဆက်)