ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ပြည်ကြီးမဏ္ဍိုင်     ဒီဇင်ဘာ      ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်အရေး‌ပေါ်တုန့်ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်များအရ ယနေ့ နံနက် (၁၀)နာရီ အချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉  မျိုးကွဲသစ်  အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေးများ မဖြစ်မနေထိုးနှံကြရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ပေးလျက်ရှိသည်။

အဆိုပါ အသိပညာပေးနှိုးဆော်မှုဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မီးသတ်ရေယာဉ်ဖြင့် လှည့်လည်ကာ မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားရာလမ်းဆုံနေရာများတွင် ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်းသည် ယခင်ကထက် လျော့နည်းလာသော်လည်း ရောဂါကင်းစင် ပပျောက်မှု မရှိသေးသည့်အပြင် ယခုအခါ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ  ကြိုတင် ကာကွယ်နိုင်ရန်အတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး  နေအိမ်အတွင်း၌သာ နေထိုင်ရန်၊ အိမ်တွင်ဧည့်သည်လက်ခံခြင်းလုံးဝမပြုရန်နှင့်မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်း လုံးဝမပြုရန်၊ နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာပါက(Mask)နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့် နာတာရှည် ရောဂါဝေဒနာရှင်များ ရှိရာနေအိမ်များသို့ ဝင်ထွက်သွားလာခြင်း ဂရုပြုရန်၊ လေဝင်လေထွက်မကောင်း သောအခန်းများသို့သွားရောက်ခြင်းမှ ရှောင်ကျဉ်ရန် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ လက်ကို  ဆပ်ပြာနှင့်စက္ကန့်(၂၀)ကြာ မကြာခဏစနစ်တကျ ဆေးကြောရန် ၊(Mask)နှာခေါင်းစည်း မတပ်ဆင်ထားသော ဈေးရောင်းချသူများထံမှ ဈေးမဝယ်ကြရန်၊ အသုံးပြုပြီး သော(Mask)နှင့် တစ်ခါသုံးပစ္စည်း များကိုနေအိမ်အပြင်တွင်စနစ်တကျ စွန့်ပစ်ရန်၊ အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုမီ အိမ်သားများ နှင့်အနီးကပ်ရှောင်ကျဉ်ရန်စသည်တို့ကို အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မိမိအနေဖြင့် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများ အနေဖြင့် လည်းကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို စနစ်တကျ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်တို့ ကိုအသိပညာပေး နှိုးဆော်တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)