ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးကွဲဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ကာကွယ်ပါ အသိပညာပေးနှိုးဆော်

ထန်းတပင်(ပဲခူး) ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင်အိုမီခရွန်(Omicron)အပါအဝင် ကိုဗစ်- ၁၉ မျိုးကွဲဗီဇပြောင်းရောဂါပိုး များကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါ အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ဆိပ်ကြီးရပ်ကွက်ရှိ လူစည်ကားရာနေရာများသို့ သုံးဘီးမော်တော်ယာဉ်ဖြင့် လိုက်လံ အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုကို အကြိမ်ပြည့် မပျက် မကွက်ခံယူပါ၊ ကိုဗစ်-၁၉ ရောဂါကိုမိမိကစ၍ ဆက်လက်ကာကွယ်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ပါ၊ နှာချေ၊ ချောင်းဆိုးလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ဆိုးပါ၊ ပြတင်းတံခါးများ ဖွင့်ထားပါ၊ လက်ကိုဆပ်ပြာဖြင့်စက္ကန့်(၂၀) ကြာဆေးကြောပါ၊ တတ်နိုင်သမျှ မိမိနေအိမ်တွင်နေထိုင်ပါ၊ မဖြစ်မနေအိမ်ပြင်ထွက်ပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)တပ်ဆင်ပါ၊ လူစုလူဝေးရှောင်ပါ၊ သံသယ လက္ခဏာခံစားရလျှင် ကျန်းမားရေးဌာနသို့ ချက်ချင်းဆက်သွယ်ပါ၊ စသည့်အချက်များကို ပြည်သူများအားလုံး ဆက်လက် လိုက်နာပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)