ရွှေတောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် (Omicron) ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်

ရွှေတောင် ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်တို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက လက်ကိုင်အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သတ်၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် (omicron) သည် ယခင်မျိုးကွဲဗိုင်းရပ်စ်များထက် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့် စိုးရိမ်ရသည့် မျိုးကွဲသစ် (omicron) အား ကမ္ဘာ့နိုင်ငံများသို့ ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်ခြင်းဖြင့် လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ကြရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်၊ အရာဝတ္တု တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ကို စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်သွားလာကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေး ဆေးထိုးအုပ်စုများသို့ သွားရောက် ပြီးမဖြစ်မနေ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံကြရန်၊ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး လမ်းညွှန်ချက်များကို ပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြရန် ရပ်ကွက်များအတွင်းသို့ လှည့်လည်ကာ အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း