ဘုတ်ပြင်း ဒီဇင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဘုတ်ပြင်းမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမျာ းပြုလုပ်ပေးခြင်းကို ဒီဇင်ဘာ (၁၂) ရက်နေ့က ကမာချောင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် ဘုတ်ပြင်းမြို့နယ် လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ် အသက်(၁၀)နှစ်ပြည့် (၆၃)ဦး၊အသက်(၁၈) နှစ်ပြည့် (၂၁)ဦး၊ အိမ်ထောင်စု စာရင်း (၁၇)စုတို့အား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ပြီး “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသော ပန်းခင်းစီမံချက်လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် ရည်ရွယ်၍ အသိပညာပေး လက်ကမ်းစာစောင်များကို ကျေးရွာနေ ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ရပ်ကွက်များ၊ ကျေးရွာများနှင့် စက်ရုံ၊ အလုပ်ရုံများထံ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ဖြူဖြူသိန်း(ပြန်/ဆက်)