ကော့သောင်း ဒီဇင်ဘာ ၁၃
မြို့အင်္ဂါရပ်နှင့်အညီသန့်ရှင်းသာယာလှပရေး ကော့သောင်းမြို့ခံပရဟိတလူငယ်အဖွဲ့များ စုပေါင်း အမှိုက်ကောက် အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ကမ်းနားလမ်း တစ်လျှောက် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် မြို့ခံလူငယ်များဖြင့်စုစည်းထားသည့် ပရဟိတလူငယ်အဖွဲ့မှ ကော့သောင်းမြို့ ကမ်းနားလမ်းတစ်လျှောက် အားလပ်ရက် ညနေပိုင်း အပန်းဖြေအနားယူကြသည့် မြို့နေပြည်သူများမှ စည်းကမ်းမဲ့ သူတစ်ချို့က စွန့်ပစ်ထားသည့် လမ်းဘေးတစ်လျှောက်နှင့် ရေနုတ်မြောင်းများအတွင်းမှ အမှိုက်များလိုက်လံကောက်ယူပြီး စနစ်တကျ ထုတ်ပိုးကာ သတ်မှတ်အမှိုက်စွန့်ပစ်နေရာများသို့ သွားရောက်စွန့်ပစ်ပေးခဲ့ကြခြင်း ဖြစ်သည်။
ကော့သောင်းမြို့အတွင်း မြို့ရွာသဘာဝပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေး၊ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာချိန် နိုင်ငံတကာခရီးသွားများ လာရောက်လည်ပတ် သည့်အခါမြို့၏ ပြယုဂ်ပိုမိုလှပတင့်တယ်စေရေးနှင့် သန့်ရှင်းသာယာလှပသည့် ပတ်ဝန်းကျင်အား အစဉ် ထိန်းသိမ်းတတ်လာသည့် အလေ့အထကောင်းများနှင့် စနစ်တကျ အမှိုက်စွန့်ပစ်တတ်သည့် အလေ့အထ ပြည်သူများအကြား ရှင်သန်အမြစ်တွယ်လာစေရန်နှင့် တဖက်တစ်လမ်းမှ မိမိမြို့ရွာ သန့်ရှင်းသာယာလှပစေရေး ရည်ရွယ်ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)