ထန်းတပင်(ပဲခူး) ဒီဇင်ဘာ ၁၂
အနာဂတ် ကလေးငယ်များအား စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အတတ်ပညာ အသိပညာများ ပြည့်စုံလာစေရန် ရည်ရွယ်၍ တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပခဲ့သည်။
အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သဇင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အမှတ်ပေး စည်းမျဉ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ၌ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် ဆုပေးပွဲ အခမ်းအနားကို ကျင်းပရာ အကောင်းဆုံး ဆေးရောင်ခြယ်နိုင်သူ (၃)ဦးအား (ပထမ၊ ဒုတိယ၊ တတိယ) ဆုများနှင့် ဝင်ရောက်ယှဉ်ပြိုင်ကြသူ အားလုံးကို အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခြင်းတို့ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သဇင်နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်သည်။
ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် မျိုးဆက်သစ် လူငယ်လေးများ အသိပညာ ဗဟုသုတတိုးပွားစေရန် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းအပြင် ပန်းချီပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ စသည့် အစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)