ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချူပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ လေးမျက်နှာမြို့နယ် အောက်ဆီဂျင်စက်ရုံတည်ဆောက်နေမှုနှင့် ထူပါရုံ ဘုရားကမ်းထိန်းနံရံတည် ဆောက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေး

လေးမျက်နှာ    ဒီဇင်ဘာ    ၁၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချူပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များသည် ယမန်နေ့ ညနေ ၄ နာရီအချိန်က ဟင်္သာတခရိုင်၊ လေးမျက်နှာ မြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အောက်ဆီဂျင် စက်ရုံဆောက်လုပ်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ကြည့်ရှု စစ်ဆေးရာတွင် လေးမျက်နှာမြို့နယ် အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်နေမှု အခြေအနေများအားမေးမြန်းရာ တာဝန်ရှိသူများမှ ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် စက်ရုံတည်ဆောက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ၄နာရီ ၂၄ မိနစ်တွင် လေးမျက်နှာမြို့နယ် ထူပါရုံဘုရား မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်း တည်ဆောက်နေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ကမ်းစားတာဝန်ခံ ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတိုးအောင်လွင်မှ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်း တည်ဆောက်နေမှုနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ထူပါရုံဘုရား ဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်အဖွဲ့သည် ၅ နာရီ ၅ မိနစ်အချိန်တွင် လေးမျက်နှာ-ပန်းတောကြီးလမ်းမှ ပုသိမ်-မုံရွာကားလမ်းမကြီး အတိုင်း ပုသိမ်မြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ဟိန်း(ပြန်/ဆက်)