တမူးခရိုင်၊ မြို့သစ်မြို့၊ သနန်ကျေးရွာအနီးရှိ မော့စလင်းရေတံခွန်သို့ သွားလာရလွယ်ကူစေရေးအတွက် လမ်းဖောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်

မြို့သစ် ဩဂုတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊ သနန်ကျေးရွာအနီးရှိ မော့စလင်းရေတံခွန်သို့ ပြည်သူများ အပန်းဖြေလည်ပတ် လျက်ရှိရာ အပန်းဖြေပြည်သူများ သွားလာရ လွယ်ကူစေရေးအတွက် လူသွားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းကို ယမန်နေ့ ကစတင် ၍ သနန်တောင်ပေါ်တောရ ကျောင်းဆရာတော်၏ ဦးဆောင်မှု၊ မြို့သစ်မြို့၊ လမ်းဦးစီးဌာနမှ ကြီးကြပ်မှုတို့ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

လမ်းအမျိုးအစားကတော့ မြေသားလမ်းဖြစ်ပြီး လမ်းအရှည်အားဖြင့် တစ်မိုင်ခြောက်ဖာလုံ၊ အကျယ် ဆယ်ပေခန့်ကို လူသွားလမ်း တစ်ကြောင်း ထိုး ဖောက်လုပ်သွားမည်ဖြစ်ကြောင်း၊ အလှူရှင်များ၏ စုပေါင်း လှူဒါန်းငွေဖြင့် လမ်းဖောက်လုပ်ခြင်းဖြစ်ပြီး ရရှိသည့် အလှူငွေပေါ်မူတည်ပြီး ချောင်းသဲကျောက်များ ခင်းသွားမည်ဖြစ်ကြောင်း မြို့သစ်မြို့၊ လမ်းဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာက ဦးထင်အောင်ဇော်က ပြောကြားသည်။

အဆိုပါ ရေတံခွန်သည် မြို့သစ်မြို့၊ သနန်ကျေးရွာအနီးတွင် တည်ရှိပြီး သနန်တောင်ပေါ်တောရ ကျောင်းမှ တဆင့် ရေတံခွန်ရှိရာသို့ ကျောက်စိုင်ကျောက်တုံးများပေါ်မှဖြတ်သန်းသွားလာရသဖြင့် သွားလာရ လွယ်ကူ စေရေး အတွက် လမ်းဖောက်လုပ်ခြင်းဖြစ်ပြီး ရုံးပိတ်ရက်၊ဈေးပိတ်ရက်နှင့် အများပြည်သူ ရုံးပိတ်ရက်များ တွင် တမူးမြို့နယ်မှ အများဆုံး လာရောက်လည်ပတ်ကြကြောင်း သိရသည်။

ထွန်းမင်းအောင်(ကဘော်မြေ)