ပဲခူးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ပဲခူး  သြဂုတ် ၂၂    

ပဲခူးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း သီရိပညာခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူ များအား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းသား/သူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ကျောင်းအုပ် ဆရာမ ကြီး ဒေါ်ခင်သန်းနုနှင့် အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်မင်းတို့က အမှာစကား ပြောကြားသည်။

ထို့နောက် ပဲခူးမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်သူများနှင့် ဂုဏ်ထူးရ ကျောင်းသား/သူများကို သင်ကြားပေးခဲ့သည့် ဆရာ/ဆရာမ များအား ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့တို့က ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ် ကြပြီး ကျောင်းသား/သူများက “ဇာတိမာန်” သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ပဲခူးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် ကျောင်းသား/သူ (၃၉၇)ဦးဝင်ရောက်ဖြေဆိုရာ (၂၄၂)ဦး အောင်မြင်သဖြင့် အောင်ချက် (၆၀.၉၆)ရာခိုင်နှုန်း ရရှိခဲ့ပြီး ပဲခူးတိုင်း ဒေသကြီးအတွင်း အောင်ချက်ဒုတိယအ‌ကောင်းဆုံး ဖြစ်ကြောင်းသိရသည်။ အောင်မြင်သူများ အနက်မှ (၅)ဘာသာ ဂုဏ်ထူး (၁)ဦး၊ (၄)ဘာသာ (၃)ဦး၊ (၃)ဘာသာ (၆)ဦး၊ (၂)ဘာသာ (၁၂)ဦး၊ (၁)ဘာသာ (၃၆) ဦး စုစုပေါင်း (၅၈)ဦး ဂုဏ်ထူးရရှိကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)