ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသည့် ပဲထောပတ်သီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ပွင့်ဖြူ ဒီဇင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း အညာကျေးလက်ဒေသများ၌ ဒေသခံ တောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသော ပဲထောပတ်သီးနှံစိုက်ခင်းများမှာ အောင်မြင် ဖြစ်ထွန်းသည့်အတွက် ပေါ်ဦးပေါ်ဖျား သီးနှံရောင်းချရချိန်တွင် ဈေးကောင်း ရရှိရန် မျှော်လင့်လျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက် ကျေးရွာမှ ဒေသခံ တောင်များ ထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေ တို့ကို အကျိုးရှိစွာ အသုံးချပြီး နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ နှစ်စဉ် ဆောင်းရာသီကာလများတွင် ဆောင်းသီးနှံအဖြစ် ပဲထောပတ်၊ ကုလားပဲသီးနှံနှင့် စားတော်ပဲသီးနှံတို့ကို အားထား စိုက်ပျိုးကြကြောင်း သိရသည်။

သီးနှံစိုက်ပျိုးရာတွင်လည်း အချို့တောင်သူများက သီးနှံဝင်ငွေ ပိုမိုရရှိစေရန် သီးထပ် သီးညှပ်အဖြစ် နှစ်သီးစား ရောနှောစိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် တောင်သူများ စိုက်ပျိုးထားသည့် ဆောင်းသီးနှံ စိုက်ခင်းများတွင် ပဲထောပတ်သီးနှံ စိုက်ခင်းများမှာ စိုက်ပျိုးရေ အဆင်ပြေမှုနှင့် ရာသီဥတုမျှတ ကောင်းမွန်မှုကြောင့် အောင်မြင်ဖြစ်ထွန်း လျက်ရှိနေကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူ ဦးကျော်ဆန်း က ပြောသည်။

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က ဒေသခံတောင်သူတွေဟာ မဲဇလီရေလွှဲဆည်ရေနဲ့ မြေအောက်ရေကို အမှီပြုပြီးတော့ စိုက်ပျိုးရေးလုပ်ငန်းကို တစ်နှစ်ပတ်လုံး လုပ်ကိုင်ကြ ပါတယ်။  အဓိက စိုက်ပျိုးတဲ့သီးနှံတွေကတော့ စပါး၊ နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ စားတော်ပဲ၊ နေကြာ၊ ဖူးစားပြောင်းသီးနှံတို့ကို အများဆုံး စိုက်ပျိုးပါတယ်။ ယခုနှစ် ဆောင်းရာသီမှာဆိုရင် ဆောင်းသီးနှံအဖြစ်  ပဲထောပတ်၊ ကုလားပဲသီးနှံနဲ့ စားတော်ပဲသီးနှံ တို့ကို တောင်သူတွေ အများစု စိုက်ပျိုးကြပါတယ်။ ဆောင်းသီးနှံစိုက်ပျိုးရာတွင် အချို့ တောင်သူများက ပဲထောပတ်သီးနှံကို အရပ်ခေါ် သက်ကြီးပြောင်းသီးနှံနဲ့ရောနှော စိုက်ပျိုးကြပါတယ်။

သက်ကြီးပြောင်းသီးနှံကတော့ နွားစာအဖြစ် ရောနှောစိုက်ပျိုးခြင်း ဖြစ်ပါတယ်။ ယခုဆိုရင် ပဲထောပတ်သီးနှံ စိုက်ခင်းများဟာ အောင်ဖြစ်ဖြစ်ထွန်းလျက်ရှိပြီး ပေါ်ဦးပေါ်ဖျား သီးနှံရောင်းချရချိန်တွင် ဈေးကောင်းရရှိဖို့အတွက် ဒေသခံတောင်သူများက မျှော်လင့်လျက် ရှိနေကြပါတယ် ဟု ၎င်းက ဆက်လက် ပြောပြသည်။

ရဲဝင်းနိုင် (ညောင်ဦး)