ဆင်ပေါင်ဝဲမြို့နယ်၊မွှန်းညောင်ပင်သာကျေးရွာတွင်မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁၂

မိုးစပါးသီးနှံကိုယ်စားပြု စံအထွက်နှုန်းအား သိရှိနိုင်ရန်၊ သီးနှံစိုက်စနစ်အလိုက် အထွက်နှုန်းအား သိရှိနိုင်စေရန်နှင့် မိုးစပါးသီးနှံအထွက်တိုးရေး အထွက်နှုန်းမိတ်ဖက်များ၏ အရေးပါမှုကို တောင်သူများ သိရှိနားလည်စေရန်ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ ခုနှစ်  မိုးစပါးဆင်းသုခ မျိုးစေ့ထုတ်စံပြစိုက်ခင်း (၈) ဧက မိုးစပါး စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မွှန်းညောင်ပင်သာကျေးရွာ၊ ကွင်း အမှတ်(၄၃၂)၊ ဦးပိုင်အမှတ် (၉/၃)၊ တောင်သူ ဦးလှရှိန်၏ မိုးစပါးဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် လဝကဦးစီးမှူး ဦးသိန်းလွင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီဌာနဝန်ထမ်များနှင့် တာဝန်ရှိသူများပူးပေါင်း၍  ဆင်းသုခ မျိုးသန့် မျိုးပွား မျိုးစေ့ထုတ်စံပြစိုက်ခင်း (၈) ဧက စိုက်ခင်းအား စံကွက်ရိတ်သိမ်း ခဲ့ရာ တစ်ဧကအထွက်နှုန်း (၁၀၈.၇၅) တင်းထွက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထွက်ရှိလာသော မျိုးစပါးများကို ဒေသအတွင်းရှိ တောင်သူများသို့ ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)