ကော့ကရိတ် ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန် (omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသိ ပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြား၌ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာနေပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကို ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများအနေဖြင့် နေအိမ် ပြင်ပထွက်ခွာပါက နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ကြရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာကာ (Face shield) ကို တွဲဖက်တပ်ဆင်ရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ လက်ကိုစက္ကန့် ၂၀ ကြာ မကြာခဏ စနစ်တကျ ဆေးကြောရန်၊ အလုံပိတ် အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားရန်၊ ကိုဗစ်-၁၉ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကြရန်နှင့် ကော့ကရိတ်မြို့နယ် အတွင်းရှိ တစ်ကြိမ်တစ်ခါမှ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအနေဖြင့် သတ်မှတ်နေရာများ၌ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြရန်စသည့်အချက်များကို လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရ သည်။
ခရိုင် (ပြန် / ဆက်)