မြို့သစ်မြို့နယ်၌ တည်ဆောက်လျှက်ရှိသော အောက်ဆီဂျင်စက်ရုံတည်ဆောက်ခြင်း(၉၀) ရာခိုင်နှုန်း ပြီးစီး

မြို့သစ် ဒီဇင်ဘာ ၁၂   

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် အောက်ဆီဂျင် လိုအပ်သော အခြားလူနာများအား ထောက်ပံ့ပေးနိုင်ရန်အတွက် တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ လီတာဆံ့ အိုးအလုံးရေ ၁၂၀ခန့်ထုတ်နိုင်သည့် အောက်ဆီဂျင်စက်ရုံကို မြို့သစ်မြို့နယ် ပုလင်းကြီး ကျေးရွာအနီး၌ တည်ဆောက်လျက်ရှိရာ (၉၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်မှာ 30 Nm3/h အမျိုးအစားဖြစ်ပြီး တစ်ရက်လျှင် ၄၀လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ ခန့်ထွက် ရှိမည်ဖြစ်ကြောင်း၊ ယင်းအောက်ဆီဂျင်စက်အား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ကာ စက်တန်ဖိုးအနေဖြင့် ငွေကျပ်သိန်း ၉၀၀ ကျော်ရှိကြောင်း အောက်ဆီဂျင်စက် ထားရှိမည့် မြေနေရာနှင့် စက်ရုံအဆောက်ဦးကို မြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများ၏ စုပေါင်းထည့်ဝင်လှူဒါန်းမှုဖြင့် ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရပြီး အောက်ဆီဂျင်စက်ထားရှိမည့် စက်ရုံမှာ  အလျား၂၀ပေ၊ အနံ ၃၆ ပေ နှင့် အမြင့် ၁၃ ပေရှိမည်ဖြစ်ပြီး စက်ရုံတည်ဆောက် ပြီးစီးပါက မြို့နယ်အတွင်းရှိ အောက်ဆီဂျင်လိုအပ်သော လူနာများအား တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ပေး နိုင်တော့မှာ ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌထံက သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)