ပူတာအိုမြို့နယ်၊ အထက်ရှန်ဂေါင်ကျေးရွာ၌ (၅)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေး

ပူတာအို ဩဂုတ် ၂၂

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ (၅)ကြိမ်မြောက် ပြန်လည် ထုတ်ချေးပေးခြင်းကို ယမန်နေ့က ပူတာအိုမြို့နယ်၊ မန်စေကျေးရွာအုပ်စု၊ အထက်ရှန်ဂေါင်ကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အထက်ရှန်ဂေါင် ကျေးရွာနေပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စီမံကိန်း ချေးငွေ များ ထုတ်ချေးပေးနိုင်ရေးအတွက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးစည်သူ၊ ဒေါ်အားညီဟဲ့၊ အကြီးတန်းစာရေး ဒေါ်ရယ်ဒမ်းဝမ်ဇီရမ်နှင့် အငယ်တန်းစာရေး ဒေါ်ထွယ်ရာတို့၏ ကွင်းဆင်း ကြီးကြပ်မှုဖြင့် စနစ်တကျလက်ဆေးစေခြင်း၊ Mask များ တပ်ဆင်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် နေရာယူစေခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာ ပေးခြင်းများ ဆောင်ရွက်ပြီးမှ ချေးငွေများကို စနစ်တကျထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါမြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကို အထက်ရှန်ဂေါင် ကျေးရွာမှ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ(၆၃)ဦးအတွက် ငွေကျပ်(၁၉၈)သိန်း၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ(၁၉)ဦးအတွက် ငွေကျပ်(၅၄) သိန်း၊ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ(၁၀)ဦး အတွက် ငွေကျပ်(၆၄)သိန်း၊ သက်/မွေး လုပ်ငန်း လုပ်ကိုင်သူ(၆)ဦး အတွက် ငွေကျပ်(၂၃)သိန်း စုစုပေါင်း(၉၈)ဦးအတွက် ငွေကျပ်(၃၃၉)သိန်းကို အတိုးနှုန်း တစ်ကျပ်ဖြင့် ထုတ်ချေးပေးခဲ့ခြင်း ဖြစ်ပြီး ချေးငွေပြန်လည် ပေးဆပ်ရမည့်ကာလ တစ်နှစ်သတ်မှတ်ပေးထား ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ဖုန်ကန်(ပြန်/ဆက်)