မင်းဘူး(စကု)မြို့နယ် ဗုဒ္ဓရုပ်ပွားတော်ဆစ်ဆူဖြစ်သာ သမုဒ္ဒဂီရိမြစေတီတော်မြတ်ကြီးအား ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများလာရောက်ဖူးမြော်

မင်းဘူး   ဒီဇင်ဘာ   ၁၂

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အောက်ကျောင်းကျေးရွာရှိ မြတ်ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို ဌာပနာ၍ တည်ထားသော သာသနာ့သမိုင်းဝင် သမုဒ္ဒဂီရိမြ စေတီတော်မြတ်ကြီးအား အခြားစေတီများ နည်းတူ  ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖူးမြော်ကြည်ညိုခွင့်ပြုထား သောကြောင့် အဖိတ်၊ ဥပုသ်နေ့များနှင့် စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်များတွင် ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများ လာရောက် ဖူးမြော်လျက် ရှိကြသည်။

အခါတပါး၌ ဗုဒ္ဓဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ကြီးတွင် သီတင်းသုံးတော် မူစဉ် ဝါဏိဇ္ဇဂါမရွာမှ သူကြွယ်တစ်ဦးဖြစ်သော မဟာပုဏ္ဏ သူကြွယ်သည် ကုန်ရောင်း ကုန်ဝယ်သွားလာရင်း ဗုဒ္ဓရှင်တော်မြတ်၏ တရားတော်များကို နာကြားရ၍ သာသနာ့ ဘောင်ဝင်ပြီး ရဟန်းတရား အားထုတ်ခဲ့ပေသည်။

မဟာပုဏ္ဏမထေရ်လည်း မြတ်စွာဘုရားထံခွင့်ပန်၍ ဝါဏိဇ္ဇဂါမသို့ ပြန်ကြွတော်မူခဲ့ပြီး ဒုတိယ သတင်းသုံးတော်မူခဲ့သည့် ယခုအောက်ကျောင်း သမုဒ္ဒဂီရိမြစေတီတော်မြတ်ကြီး၏ တည်နေရာ၌ပင် ဝသီငါးပါးနှင့် လောကီအဘိဉာဏ် တန်ခိုးများဖြင့် ပြည့်စုံပြီး တော ရကျောက်ကုန်း နေရာတွင် ရဟန္တာမထေရ်မြတ်ကြီး ဖြစ်တော်မူခဲ့ပေသည်။

မဟာပုဏ္ဏမထေရ်မြတ်လည်း အဘိဉာဏ်တန်ခိုးဖြင့် မိမိပရိနိဗ္ဗာန် စံရမည့်အချိန်ကာလကို သိတော်မူ၍ သီတင်းသုံးတော်မူခဲ့သော ယခုအောက်ကျောင်း သမုဒ္ဒဂီရိအရပ်သည် သာသနာတော်ကြီး ထွန်းလင်းမည်ကို မြင်တော်မူသဖြင့် နောင်လာနောင်သား ဝေနေယျ အများတို့အား ဖူးမြော် ကိုးကွယ်စိမ့်သောငှါ မပျောက်မပျက် အမြဲတည်ရှိနိုင်သော အရာတစ်ခု ပေါ်ပေါက်ပါစေသတည်းဟု အဓိဌာန်ပြုလိုက်ရာ ဗုဒ္ဓကိုယ်စား နိမ္မိတရုပ်ပွား၊ မြသားဆင်းတု(ဉာဏ်တော်သန်တောင်)ရှိသော ဥဒ္ဒိဿက စေတီတော်တစ်ဆူ ရှင်ပုဏ္ဏရဟန္တာမြတ်၏ ကျောင်းသင်္ကန်းတွင် ကိန်းဝပ်စံပယ်တော် မူလေသည်။

မဟာပုဏ္ဏမထေရ်မြတ်လည်း ဗုဒ္ဓကိုယ်စား နိမ္မိတရုပ်ပွား မြသားဆင်းတုတော်ကို အုတ်လိုဏ်ဂူ ပြုလုပ်စေပြီး သာသနာတော်ကို ယုံကြည်ကိုးစားသော ဘုန်းသမ္ဘာနှင့် ပြည့်စုံသော မင်းကောင်း မင်းမြတ်တို့ ဥဒ္ဒိဿက စေတီတော်အဖြစ် ကိုးကွယ်ကြကုန် သတည်းဟု ပရပိုက်တွင်ရေးသွင်း အဓိဌာန်ပြုခဲ့သည်။

ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်ရာ ယခု ဖောင်တော်ဦး စေတီအရပ်တွင် ဖောင်တော် ဆိုက်ကပ်ပြီး မဟာပုဏ္ဏမထေရ်မြတ် အဓိဌာန်ဖြင့် ပေါ်လာသော ဗုဒ္ဓကိုယ်စား နိမ္မိတရုပ်ပွား မြသားဆင်းတုတော်များ ဖူးမြော်ရသဖြင့် အံ့ဘွယ်ထားကဲရှိလှပြီး ပီတိသောမနဿ ဝေဖြာလျက် မြသားဆင်းတုတော်နှင့် အုတ်လိုဏ်ဂူတော်ကို ခြုံငုံလျက် ဉာဏ်တော် ၄၈ တောင် ၁၇ လက်သစ်ရှိသော စေတီတစ်ဆူ တည်ခဲ့ပြီး စေတီတော်မြတ်ကြီးအား ဇရပ်၊ တန်ဆောင်း၊ သိမ်၊ စင်္ကြန်လေးဌာန စီရင်လှူဒါန်းခဲ့ပြီး ဝတ္တကံမြေ၊ စေတီပယ်မြေ၊ ဆီမီးဝတ်၊ သင်းပုတ်ဝတ်များကိုလည်း လှူဒါန်း ပူဇော်ခဲ့ပေသည်။

သမုဒ္ဒဂီရိ စေတီတော်မြတ်ကြီးသည် နှစ်ပေါင်းများစွာ တိမ်မြုပ်တော်မူခဲ့ပြီး ဆရာတော် ဦးသီလ လက်ထက် တောရကျောင်း ဆောက်တည်ရာတွင် အလောင်းစည်သူမင်းကြီး တည်ထားခဲ့သော စေတီငုတ်တိုကြီးကို ခြုံနွယ် ပိတ်ပေါင်းရှင်းလင်းပြီး ၁၂၅၁ ခုနှစ် အသစ်ပြုပြင် တည်ထားကိုးကွယ်၍ ၁၂၅၇ ခုနှစ် တပိုတွဲလပြည့်နေ့တွင် ဉာဏ်တော် ၁၀၈ တောင်မြင့်သော စေတီတော်ကြီးကို ရွှေထီးတော်နှင့် စိန်ဖူးတော်တစ်ကြိမ်၊ ၁၃၅၇ ခုနှစ် တပိုတွဲ လဆန်း ၃ ရက်နေ့တွင် ရွှေထီးတော်နှင့် စိန်ဖူးတော်တစ်ကြိမ် ထပ်မံတင်လှူခဲ့ပြီး ယခုလက်ရှိ ဉာဏ်တော်အမြင့်မှာ ၁၀၈ တောင်နှင့် အရံစေတီတော်ပေါင်း ၉၆ ဆူရှိကာ ဘုရား၊ တန်ဆောင်း၊ ကန်ကျောင်းများဖြင့် စည်ဝေဖြာလျက် ကြည်ညိုဖွယ်ကောင်း သည့်အပြင် စိတ်အေးချမ်း သာယာစွာ ရှိသောကြောင့် မင်းဘူး(စကု)မြို့နယ် အောက်ကျောင်းကျေးရွာ သမုဒ္ဒဂီရိ မြစေတီမြတ်ကြီးအား ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ တရားထိုင်ခြင်း၊ ပုတီးစိတ်ခြင်း၊ ပဌာန်းဒေသနာတော်များ ရွက်ဖတ်ပူဇော်ခြင်း များအပြင် ဆီမီး၊ ရေချမ်းပန်းများ ကပ်လှူပူဇော်ကာ အေးချမ်း သာယာစွာ လာရောက် ဖူးမြော် ကြည်ညိုလျက် ရှိကြပါတော့သည်။

ဇေယျာထက် (မင်းဘူး)