မင်းဘူးမြို့၌ ကြက်သွန်နီ ဝင်ရောက်မှု နည်းသော်လည်း ဈေးနှုန်းမြင့်တက်ခြင်းမရှိ

မင်းဘူး ဒီဇင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ ပွဲရုံများသို့ ကြက်သွန်နီ ဝင်ရောက်မှု နည်းနေသေးသော် လည်း ဈေးနှုန်းများ မြင့်တက်ခြင်း မရှိသေးဘဲ ပွဲရုံဝယ်ဈေးကျပ် ၂၅၀၊ ၃၀၀ ဖြင့်သာ ဈေးတည်ငြိမ်နေကြောင်း မင်းဘူးမြို့ အမှတ်(၄) ပွဲရုံပိုင်ရှင် ဒေါ်လဲ့ထံမှ သိရသည်။

မင်းဘူးမြို့ရှိ ကြက်သွန်နီပွဲရုံများသို့ ယခင်နှစ်များက ရေနံချောင်း၊  ဆင်ဖြူကျွန်းနှင့် မင်းဘူးမြို့ အနီးအနားရှိ ကျေးရွာများမှ လာရောက်ရောင်းချမှုများမှာ တစ်နေ့လျှင် ကြက်သွန်နီ ပိဿာချိန် သိန်းချီရှိကြသော်လည်း ယခုနှစ်မိုးနှောင်းကာလတွင် ပိဿာချိန် သောင်းဂဏန်းလောက်သာရှိကြောင်း သိရသည်။

''ကျွန်တော်တို့မြို့ရဲ့ ကြက်သွန်နီ ဈေးကွက်အနေနဲ့ တင်ပို့ရောင်းချမှုများမှာ ရခိုင်ပြည်နယ် သို့ အများဆုံးတင်ပို့ ရောင်းချရပြီး တစ်ပိဿာလျှင်ကျပ် ၄၀၀၊ ၅၀၀ ဈေးဖြင့်တင်ပို့၍ မင်းဘူးမြို့ ဈေးထဲတွင် လက်လီဈေး တစ်ပိဿာလျှင်ကျပ် ၈၀၀၊ ၉၀၀ ဈေးများဖြင့်သာ ရောင်းချနေရသောကြောင့် ဈေးနှုန်းအထူး မြင့်တက်ခြင်းမျိုး မရှိသေးဘဲ တည်ငြိမ်လျက်ပြီး၊ ဝယ်လိုအား နည်းနေသေးလို့သာ ကြက်သွန်နီကုန် အထွက်နည်းပြီး ဈေးနှုန်း တည်ငြိမ် နေတာပါ"ဟု ရခိုင်ပြည်နယ်သို့ စားသောက်ကုန် ပစ္စည်းအများဆုံး တင်ပို့ရောင်းချသူ ဦးသာပေါက ပြောသည်။

မင်းဘူးမြို့တွင် ကြက်သွန်နီပွဲရုံ ၁၀ ရုံခန့်ရှိပြီး ဝယ်ယူမှု ဈေးနှုန်းများမှာ ဈေးအနည်းငယ် ကွာဟမှု ရှိသော်လည်း ဝယ်ဈေးကျပ် ၂၅၀/၃၀၀၊ ရောင်းဈေး ၄၀၀/၅၀၀ နှင့် မြို့တွင်း တစ်ပိဿာချင်း လက်လီဈေး ၈၀၀/၉၀၀ ကျပ်များဖြင့် အများဆုံး ရောင်းချနေကြရကြောင်း မင်းဘူးမြို့ရှိ ပွဲရုံပိုင်ရှင်များထံမှ သိရသည်။

ဇေယျာထက် (မင်းဘူး)