ပုံပါကျင်မြို့၊ ဟွေအောကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်

ပုံပါကျင် ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် နိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေနိုင်ရေးအတွက် ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို ယမန်နေ့က ပုံပါကျင်မြို့၊ ဟွေအောကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုံပါကျင် ရှေ့တန်းရုံး တာဝန်ခံလဝကမှူး ဦးမြင့်မိုးနှင့် ဝန်ထမ်းများက ဟွေအောကျေးရွာအတွင်းရှိ ပြည်သူများ အား  နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများ စိစစ်၊ လဲလှယ်၊ ထုတ်ပေးခြင်း လုပ်ငန်းများကို ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန် ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ ပျက်စီး/ပျောက်ဆုံး သူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း၌ မွေးတိုး/သေဆုံး စာရင်း ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း တိုး/လျော့/ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)