လွိုင်ကော်၌ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေးကို မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်

လွိုင်ကော် ဒီဇင်ဘာ ၁၂

လွိုင်ကော်မြို့ နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမိုသိရှိလိုက်နာနိုင်ရေးနှင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေးကို  မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်မှုများအား ရပ်ကွက်များ၊ ကျေးရွာများနှင့် လူစည်ကားရာနေရာများတွင် မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသံချဲ့စက်များ၊ လက်ကိုင်စကားပြော အသံချဲ့စက်တို့ဖြင့် သတိပေး နှိုးဆော်မှုများကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့က နေ့စဉ်ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း လွိုင်ကော်မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်သည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါသည် ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြား လာနေပြီ ဖြစ်သည့်အတွက် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန်ကို ဆက်လက် ကာကွယ် တားဆီးနိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့် လက်ရှိအခြေအနေတွင် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်တွင်ပြင်ပမှ လာသောဧည့်သည်များအား လက်မခံပါရန်၊ မဖြစ်မနေ ပြင်ပသို့သွားလာ ရပါကပါးစပ် နှာခေါင်းစည်းတို့ကို စနစ်တကျ တပ်ဆင်ရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာကာ (Face shield)ကိုတပ်ဆင်ရန်၊

Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးရောင်း ဈေးဝယ်ခြင်းများ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းများကို ရှောင်ကြဉ်ကြရန်၊ တစ်စုံတစ်ရာ ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံးစက္ကန့် (၂၀)ကြာအောင် စနစ်တကျ ဆေးကြောရန်၊ လက်ကိုဆေးကြောခြင်း မပြုဘဲပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ကိုင်တွယ်ခြင်းမပြုလုပ်ကြရန်၊ မိမိနေထိုင်ရာအခန်းကို လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ရန် ၊ အပြင်မှပြန်လာပြီးတိုင်း ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်ရန်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်နှင့်  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးပန်ကြားချက်များကို မိဘပြည်သူများ အနေ့ဖြင့် တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန်တို့ကို တိုက်တွန်းနှိုးဆော်ခဲ့သည်။

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု အခြေအနေမှာ ဇွန်လ(၂၉)ရက်နေ့မှ ဒီဇင်ဘာ(၁၀)ရက်နေ့အထိ ဓါတ်ခွဲအတည်ပြုလူနာစုစုပေါင်းမှာ (၅၈၄၉)ဦးရှိပြီး၊ ပြန်လည် ကျန်းမာလာသူ စုစုပေါင်း (၅၅၄၇)ဦးရှိပြီး ယနေ့သေဆုံးလူနား(၂)ဦးရှိ၊ စုစုပေါင်း သေဆုံးလူနာ(၂၄၁) ဦးရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)