မကွေး ဒီဇင်ဘာ ၁၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅) မြို့နယ်၏ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးခဲ့သော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် တိုင်းဒေသကြီးအတွင်း နေထိုင်သည့် ပြည်သူများအား နိုင်ငံသားဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံသားပြုခွင့်၊ နိုင်ငံသားစိစစ်ရေးကတ်များ၊ ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကိုင်ဆောင်လက်မှတ် လက်ဝယ်မရှိသေးသူများ ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် တရားမျှတသော အထွေထွေ ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သောကြောင့် မဲဆန္ဒရှင်တိုင်း ဥပဒေအရ ကိုင်ဆောင်နိုင်ရန်နှင့် နိုင်ငံသားတစ်ယောက်၏ လူမှုဘဝလုပ်ငန်း ဆောင်ရွက်မှု အားလုံးတွင် အထောက်အကူပြုသည့် နိုင်ငံသားစိစစ်ရေကတ်ပြားအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံတစ်ဝှမ်းလုံးတွင် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများ ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အား စစ်ဆင်ရေးသဖွယ် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် နိုင်ငံသား တစ်ယောက်၏ လူမှု့ဘဝလုပ်ငန်း ဆောင်ရွက်မှုအားလုံးတွင် အထောက်အကူဖြစ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအား မဖြစ်မနေဆောင်ရွက်ပေးရမည့် ခံယူချက်ဖြင့် ဆောင်ရွက်ပေးသွားရန်နှင့် စီမံချက် အောင်မြင်ရေးအတွက် ဝန်ထမ်းအားလုံး အားကြိုးမာန်တက် တက်ညီလက်ညီ ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်က ပန်းခင်းစီမံချက်ဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ထားရှိမှုများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်းများက “ပန်းခင်းတေးရနံ့ ကြိုင်လှိုင်သည်” တေးသီချင်းနှင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” တေးသီချင်းတို့ဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်ကာ “ပန်းခင်းမှသည် နှမ်းခင်ဆီသို့” ပညာပေး ဇာတ်လမ်းတို အပိုင်း(၁)(၂)အား ပြသခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်တို့က တိုင်းဒေသကြီး အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားများ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည် အကောင်းဆုံးဆုများ၊ မီဒီယာကဏ္ဍ အကောင်းဆုံး ဆုများ၊ ပူးပေါင်းဆောင်ရွက်မှု အကောင်းဆုံး ဆုများအား အသီးသီး ပေးအပ်ကာ ဒေသခံ ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)