ပဲခူး ဒီဇင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း/ခရိုင် ဌာနဆိုင်ရာများနှင့်အတူ ကျောက်တံခါးမြို့နယ်သို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ကျောက်တံခါးမြို့နယ်သို့ သွားရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့ အနေဖြင့် ကျောက်တံခါးမြို့နယ်အတွင်း လိုအပ်သည့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ရောက်လာခြင်းဖြစ်ကြောင်း၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဌာနဆိုင်ရာများ သာမက မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုကြောင်း၊ မြို့နယ်အတွင်းရှိ ပြည်သူများ စားသုံးမှု ဖူလုံစေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက် ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်နိုင်ရေး ပန်းခင်းစီမံချက်လုပ်ငန်းကိုလည်း သက်ဆိုင်ရာဌာနများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်သူများ၏ အကျိုးစီးပွားအတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအနေဖြင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများ အနေဖြင့်လည်း ပေးအပ်သည့် တာဝန်များကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ မြန်မြန်ဆန်ဆန် ကျေပွန်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အခက်အခဲများ ရှိပါကလည်း ပွင့်ပွင့်လင်းလင်း တင်ပြပေးကြရန် လိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ်(၅၆၂)သန်းကျော်ဖြင့် တိုးချဲ့နှစ်ထပ်ဆေးရုံ အဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှု့စစ်ဆေးရာ တည်ဆောက်ရေး ကုမ္ပဏီတာဝန်ရှိသူမှ လိုက်လံ ရှင်းလင်းပြသပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် အရည်အသွေး ပြည့်မီရေး စေတနာ ထားဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားကာ ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံ အတွင်း လှည့်လည်ကြည့်ရှုပြီး ဆေးရုံအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းအား ဆေးရုံအုပ်ကြီးထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောက်တံခါးမြို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကန်သာယာငါးမွေးမြူရေးနှင့် စိုက်ပျိုးရေး သမဝါယမအသင်းလီမိတက် သို့ သွားရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ရာ အသင်းဥက္ကဋ္ဌ ဦးမောင်ဦးမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အသင်းအဖွဲ့အနေဖြင့် မိမိတို့ လုပ်ဆောင်နေသည့် မွေးမြူရေး လုပ်ငန်းအား အောင်မြင်ဖြစ်ထွန်းအောင် တိုးချဲ့လုပ်ဆောင်ကြရန်၊ မွေးမြူရေးအပြင် ငါးကန်ဘောင်များတွင် ခေတ်နှင့်လျော်ညီသည့် စိုက်ပျိုးရေး လုပ်ငန်းများကိုလည်း တွဲဘက်လုပ်ကာ စီးပွားဖြစ်ထွန်းသည်အထိ ကြိုးစား လုပ်ဆောင်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)