ဘားအံမြို့တွင် ဒီဇင်ဘာအားကစားလှုပ်ရှားမှု ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်

ဘားအံ ဒီဇင်ဘာ ၁၁

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ဒီဇင်ဘာ အားကစားလှုပ်ရှားမှု လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၆ နာရီခန့်က အမှတ်(၄)ရပ်ကွက်ရှိ သီရိကွင်း၌ ပြုလုပ်သည်။

အဆိုပါ လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင်းခန်းများ ဆောင်ရွက်ခြင်းသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသိန်းကိုကို၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ ပါဝင်ဆင်နွဲခဲ့ကြပြီး Physical Distancing အနေအထားဖြင့်  သီရိကွင်းပတ်လမ်းအတိုင်း စုပေါင်းလမ်းလျှောက်ခဲ့ကြကာ အဆိုပါကွင်းရှိ ဒုံးစင်မြင့်ရှေ့၌ အားကစားလှုပ်ရှား ခြင်းကို ပါဝင်ဆင်နွဲကြသူများက တစ်ဦးနှင့်တစ်ဦး ရှေ့၊ နောက်၊ ဘယ်၊ ညာ (၆)ပေအကွာ အနေအထားဖြင့် အကြောလျော့ လေ့ကျင့်ခန်းများ ဆောင်ရွက်၍ စုပေါင်းကိုယ်လက်ကြံခိုင်ရေးလေ့ကျင့်ခန်းအစီအစဉ် အတွဲအမှတ် (၁) နှင့် အမှတ်(၂) တို့ကို ဆောင်ရွက်ခဲ့ကြသည်။

အလားတူ အများပြည်သူ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာလ အားကစားလှုပ်ရှားမှုအနေဖြင့် အများပြည်သူဆိုင်ရာနေရာ ( Public Area ) များတွင် တစ်ဦးတစ်ယောက်ချင်းအလိုက်သော်လည်းကောင်း၊ မိသားစုအလိုက်သော်လည်းကောင်း၊ အစုအဖွဲ့များအလိုက်သော်လည်းကောင်း တစ်ကိုယ်ရေကိုယ်လက်လှုပ်ရှားမှု အစီအစဉ်များ ဆောင်ရွက်လျှက်ရှိသည်ကို မြင်တွေ့ရပြီး ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု နှုန်းလျော့နည်းကျဆင်းနေသော်လည်း ကာကွယ်၊ ထိန်းချုပ်သည့်အနေဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာအားကစား လှုပ်ရှားမှုကို ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ထားသော သုံးခန်းတွဲ Mobile Toilet (ရွေ့လျားသန့်စင်ခန်း) မော်တော်ယာဉ်ကို ကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း