ဆွမ်ပရာဘွမ် ဩဂုတ် ၂၂
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း ဆွမ်ပရာဘွမ်-ပူတာအိုကြား ဆွမ်ပရာဘွမ်မြို့နယ်အင်ကောမ ကျေးရွာ အုပ်စု မိုင်တိုင်အမှတ်(၁၃၈/၆-၁၃၈/၇)ကြား တံတားအမှတ်(၆/၁၄၈) ဖုန်အင်ချောင်းကူး ဘေလီတံတား (၂၃၅) ပေတံတားတွင် ဩဂုတ်(၂၁)ရက် နံနက်(၄)နာရီအချိန်ခန့်က ကုန်ကားတစ်စီးဖြတ်သန်းမောင်းနှင်စဉ် တံတား ကျိုးကျမှုဖြစ်ပွားပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်းသိရသည်။
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပေါ်ရှိ မိုင်တိုင်အမှတ်(၁၃၈/၆-၁၃၈/၇)ကြား တံတားအမှတ် (၆/၁၄၈) ဖုန်အင် တံတား တွင် မြစ်ကြီးနားဘက်မှ ပူတာအိုဘက်သို့ ယာဉ်အမှတ် (စုံစမ်းဆဲ)(၁၀)ဘီးယာဉ်သည် ဘိလပ်မြေအိတ် (၂၀၀)၊ ဆိုင်ကယ်(၃၀)စီးနှင့် အခြားကုန်စုံများ စုစုပေါင်းခန့်မှန်း (၃၅)တန်ခန့် တင်ဆောင်၍ တံတားပေါ်သို့ ဖြတ်သန်း မောင်းနှင်စဉ် တံတား၏ အလယ်ဖွင့်(H20-၁၀၀ပေ) အရောက် ၌ တံတား ကျိုးကျမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်ကြောင့်ယာဉ်မောင်း ဦး---သည် ယာနှာထင်ပွန်းပဲ့ဒဏ်ရာ၊ ရင်ဘတ် ပွန်းပဲ့ဒဏ်ရာ၊ ဝဲဘက်ဒူးခေါင်းပွန်းပဲ့ ဒဏ်ရာ၊ ညာဘက် လက်ကောက်၀တ် ပွန်းပဲ့ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ နှင့် ယာဉ်ပေါ်လိုက်ပါသူ ဦး---မှာ ညာဦးခေါင်း ဘေးပေါက်ပြဲဒဏ်ရာ၊ ညာခြေတစ်လုံးပွန်းပဲ့ဒဏ်ရာ၊ ညာခြေထောက်ဒဏ်ရာရရှိပြီး အဆိုပါ လူနာနှစ်ဦးအား ဆွမ်ပရာဘွမ် ပြည်သူ့ဆေးရုံမှ မြစ်ကြီးနားပြည်သူ့ဆေးရုံ သို့ဆေးကုသမှုခံယူရန် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါတံတားအ၀င်/အထွက်နှစ်ဖက်စလုံးတွင် သတိပေးဆိုင်းဘုတ်များစိုက်ထူထားပြီး တံတားခံနိုင်၀န်မှာ (ယာဉ်+ကုန်) (၈)တန်သာခွင့်ပြုထားကြောင်း၊ တံတား ကျိုးကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ယာယီ ပြတ်တောက် လျက်ရှိပြီး ယင်းကျိုးကျပျက်စီးသွားသော တံတားအား တံတားဦးစီးဌာန တံတား အထူးအဖွဲ့ (၁)မှ အင်ဂျင်နီယာအဖွဲ့များဖြင့် အမြန်ဆုံး ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက ပြောကြားသည်။
ကုဋေ(ပြန်/ဆက်)