ဝန်းသိုမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

ဝန်းသို ဒီဇင်ဘာ ၁၁

မိုးစပါးသီးနှံကိုယ်စားပြုစံအထွက်နှုန်းအားသိရှိနိုင်ရန်၊ သီးနှံစိုက်စနစ်အလိုက် အထွက်နှုန်းအား သိရှိနိုင်စေရန်နှင့် မိုးစပါးသီးနှံ အထွက်တိုးရေး အထွက်နှုန်းမိတ်ဖက်များ၏အရေးပါမှုကို တောင်သူများ သိရှိနားလည်စေရန်ရည်ရွယ် ၍ ၂၀၂၀-၂၀၂၁ ခုနှစ် စိုက်ပျိုးရာသီ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ကျေးရွာ၊ ကွင်းအမှတ် (၁၂၄၁) ဦးပိုင်အမှတ် (၆၈) တောင်သူ ဦးမောင်မောင်ဝင်း၏ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းတွင် ယနေ့ နံနက် နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစံကွက်ရိတ်သိမ်းပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေး ဦးစီးဌာနမြို့နယ်ဦးစီးမှုး ဦးတင့်ဆွေနှင့် ဝန်ထမ်းများ၊ မိတ်ဖက်တောင်သူများ ပူးပေါင်း၍ SRI နည်းစနစ်မျိုးသန့်စိုက်ကွက်၊ မှော်ဘီ- စပါးမျိုး၊(.၁၀)ဧကစံကွက်အား စပါးရိတ်သိမ်းချွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့ရာ တစ်ဧက အစိုထွက်နှုန်း ၁၀၅တင်းထွက်ရှိခဲ့ကြောင်း သိရသည်။

ဝန်းသိုမြို့နယ်တွင် ယခု ၂၀၂၁ ခုနှစ်၌ မိုးစပါးစိုက်ဧက  ၃၈၉၈၉ ဧကစိုက်ပျိုးထားရှိပြီး စံပြကွက်များအနေဖြင့် မျိုးစေ့ထုတ် ကွက် ဧက ၁၆၀၊ GAP စံပြကွက်ဧက ၄၀နှင့် SRI နည်းစနစ် မျိုးသန့် စိုက်ကွက် ၁၀ ဧကတို့ကို စိုက်ပျိုးထားကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)