မင်းဘူး(စကု)မြို့နယ်မှ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသည့်မြေပဲများ စတင်နုတ်သိမ်း

မင်းဘူး   ဒီဇင်ဘာ   ၁၁

မကွေတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်မှ တောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားသော မြေပဲသီးနှံများ စတင်နုတ်သိမ်းပြီး ခူးဆွတ်ရောင်းချရာတွင် ဈေးကောင်းမှီသေး၍ အဆင်ပြေကြကြောင်း မင်းဘူး(စကု)မြို့နယ် ဖလံရုံကျေးရွာ မြေပဲစိုက်တောင်သူများထံမှ သိရသည်။

မင်းဘူး(စကုမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၇၅ အုပ်စု ကျေးရွာပေါင်း ၁၆၀ ရှိကာ ဒေသခံ ကျေးလက်နေ ပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး   စားပင်သီးနှံမျိုးစုံနှင့် ဥယျာဉ်ခြံ မြေများဖြစ်သည့်  နှစ်ရှည် သီးနှံပင်များဖြစ်သော သရက်၊ လျှော်ဖြူ၊ သနပ်ခါး၊ မန်ဂျက်ရှား၊ ဆီးပင်စသည် တို့ စိုက်ပျိုးလုပ်ကိုင်ကြကာ စက်ရေတွင်းတူး၍ ရေအောင်သည့် ကျေးရွာများတွင် ၎င်းသီးနှံများကို တစ်နှစ် ပတ်လုံး စိုက်ပျိုး လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ယခုအခါ တောင်သူများမှာ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားသည့် မြေပဲများ အရွက်များ ဝါလာကာ အပွင့် များကျလာပြီး နုတ်သိမ်းချိန် တန်ပြီဖြစ်၍ စတင်သိမ်းဆည်း နေကြပြီဖြစ်သည်။ ယခင်နှစ်များက မြေပဲတစ်ဧကတင်း ၈၀ ထွက်ရှိကာ ၁ တင်းလျှင် ၈၀၀၀ ကျပ်ဈေးရောင်းရသဖြင့် မြေပဲစိုက်တောင်သူများ အဆင်ပြေကြပြီး ယခုနှစ်တွင်လည်း ဆောင်းသီးနှံအဖြစ် မြေပဲစိုက်ပျိုးသူ များလာကြောင်း ဒီနှစ် မင်းဘူးမြို့ မြေပဲဈေးကွက်မှာ ၁ တင်းလျှင်ကျပ် ၁၀၀၀၀ ဝန်းကျင်ရှိသဖြင့် မြေပဲများပေါ်စတွင် အစဉ်ပြေနေကြပြီး ယခုလက်ရှိ မြေပဲဈေးမှာလည်း ၈၀၀၀/၁၀၀၀၀ ဈေးရောင်းနေရသည့်အတွက် ဈေးကောင်းမှီသည့်အပြင် မြေပဲအထွက်နှုန်းလေးလည်း ကောင်းနေသောကြောင့် မြေပဲစိုက်ပျိုးသူများ အဆင်ပြေကြပါကြောင်း ဖလံရုံကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးသောင်းလှိုင်ထွေးက ပြောသည်။

ဇေယျာထက်(မင်းဘူး)