ငွေဆောင် ဒီဇင်ဘာ ၁1
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရှိ ငွေဆောင်ကမ်းခြေ သန့်ရှင်းသာယာလှပရေး၊ လာရောက် အပန်းဖြေကြသော ခရီးသွားဧည့်သည်များ စိတ်ချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေး၊ ကမ်းခြေရှိ စျေးသည်များ၊ စျေးဆိုင်ခန်းများ စနစ်တကျရှိစေရေးအတွက် ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငွေဆောင်ကမ်းခြေ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော် ဦးဆောင်ကာ တာဝန်ရှိသူများမှ စျေးဆိုင်ခန်းများအား သတ်မှတ် နေရာထက် ကျော်လွန်ရောင်းချခြင်း၊ ထီးများအား ကမ်းစပ်အထိ ရွှေ့ပြောင်းစိုက်ထူ ထားခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများမရှိစေရန်၊ ကမ်းခြေသန့်ရှင်းသာယာလှပပြီး လုံခြုံမှု ရှိစေရန်၊ စက်တပ်ယာဉ် မောင်းနှင်မှုမရှိစေရန်၊ အပျော်စီးရေယာဉ်ငယ်များ သတ်မှတ်နေရာတွင် စနစ်တကျ ရပ်နားရန်စသည့် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ငွေဆောင်ကမ်းခြေတွင် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးများ၊ ဟိုတယ်နှင့်တည်းခိုခန်းတာဝန်ခံများ ပူးပေါင်းပါဝင်သောအဖွဲ့(၇)ဖွဲ့မှ နေ့စဉ်အလှည့်ကျ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မူမူ(ငွေဆောင်)