ပခုက္ကူမြို့၌ မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါးဈေးကွက်ခိုင်မာမှုကြောင့် အရောင်းအဝယ်ပုံမှန်လည်ပတ်

ပခုက္ကူ  ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါးများ ပြည်တွင်းဈေးကွက်ခိုင်မာမှု ကြောင့်  အရောင်းအဝယ်ပုံမှန်လည်ပတ်လျက်ရှိကြောင်း မြို့ပေါ်ရှိ ရွှေရည်ဝင်း သနပ်ခါးလက်လီလက်ကားပွဲရုံမှ သိရသည်။

ရွှေရည်ဝင်းသနပ်ခါးပွဲရုံကို လွန်ခဲ့သည့် ၁၉၇၉ခုနှစ်ကတည်းက တည်ထောင်ခဲ့ခြင်းဖြစ်ရာ ယခုဆိုရင် (၄၂)နှစ် ရှိပြီဖြစ် ကြောင်း၊ ပွဲရုံတွင် ပခုက္ကူ၊ ရေစကြို၊မြိုင်၊ ရှင်မတောင်၊ပေါက်၊ ရွှေဘိုနှင့်အရာတော် ဒေသတို့တွင် စိုက်ပျိုးထွက်ရှိသည့် သနပ်ခါး များကိုလက်ခံဝယ်ယူပြီး သနပ်သုံးစွဲသည့် ပြည်တွင်းဒေသများတွင် လက်လီလက်ကားစနစ်ဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချခြင်း ဖြစ်ကြောင်း၊ လက်ခံဝယ်ယူရာမှာ လည်း သနပ်ခါးတုံးအကြီးကို အနု၊အရင့်အမျိုးအစားအလိုက် အနည်းဆုံးငွေကျပ် ၂၀၀၀၀မှ အများဆုံးငွေကျပ် ၅၀၀၀၀၀၊ သနပ်ခါးတုံးအလတ်ကို အနု၊ အရင့်အမျိုးအစားအလိုက် အနည်းဆုံး ငွေကျပ် ၃၀၀၀မှ အများဆုံး ငွေကျပ် ၁၀၀၀၀၊  သနပ်ခါးတုံးအသေးကို အနု၊အရင့်အမျိုးအစားအလိုက် အနည်းဆုံး ငွေကျပ် ၅၀၀မှ အများဆုံး ငွေကျပ် ၁၀၀၀ ဈေးနှုန်းတို့ဖြင့်  ဝယ်ယူကြောင်း၊ သနပ်ခါးပင်များကို အကြီး၊အသေးအလိုက် ဈေးနှုန်းသတ်မှတ်ပြီး အပုံလိုက်ထားရှိ ကြောင်း၊ သနပ်ခါးအပင်ကြီးတစ်ပုံမှာ ငွေကျပ်၂၅သိန်းတန်ဖိုးရှိပြီး အပင်ပေါင်း ၁၀၀ရှိကြောင်း၊  သနပ်ခါးအပင်ငယ်ကိုတော့ အပင်ပေါင်း ၁၀၀ နှင့်၂၀၀စီ သီးခြားပုံထားပြီး အပင် ၁၀၀ပါသည့်အပုံတစ်ပုံကို ငွေကျပ် တစ်သိန်း၊ အပင် ၂၀၀ပါသည့် အပုံကို ငွေကျပ် နှစ်သိန်းတို့ဖြင့် ပြန်လည်ရောင်းချကြောင်း၊ ပွဲရုံအနေဖြင့် သနပ်ခါးပြန် လည်ဖြန့်ဖြူးရောင်းချသည့် ငွေကြေးပမာဏ သိန်း(၁၀၀)တွင် တစ်သိန်းရရှိကြောင်း၊ ပွဲရုံအတွက် အလုပ်သမား ၂၀ဦးဌားရမ်းထားပြီး နေ့စဉ်ပုံမှန်လည်ပတ်မှုအပေါ်မူတည် ၍ တစ်နေ့လျှင် သယ်ယူပို့ဆောင်ရေး ဆောင်ရွက်သည့် အလုပ်သမားတစ်ဦးကို ငွေကျပ် ၅၀၀၀မှ ၁၅၀၀၀၊ သနပ်ခါးတုံးဖြတ် အလုပ်သမားတစ်ဦးကို ငွေကျပ် ၁၅၀၀၀မှ ၂၀၀၀၀ အသီးသီးပေးရကြောင်း၊ အလုပ်သမားခပေးရကြောင်း၊ သနပ်ခါးအပင်ကြီး၊ သေးအလိုက်ဖြတ်ခအဖြစ် တစ်ပင်ကို ငွေကျပ် ၅၀၀မှ ၁၅၀၀ ရရှိကြောင်း၊ ဖြတ်စက်ဖြင့်ဖြတ်ပြီးနောက် ထွက်ရှိလာသည့် ရေသောက်မြစ်တစ်အိတ်ကို ငွေကျပ် ၁၀၀၀၀၊ အမှုန့်ကြိတ်တစ်အိတ်ကို ငွေကျပ် ၅၀၀၀၊ ခေါင်းတုံးတစ်အိတ်ကို ငွေကျပ် ၁၅၀၀၀၊ခွဲခြမ်းတစ်အိတ်ကို ငွေကျပ် ၁၈၀၀၀၊ သနပ်ခါးအမွှေး၊အခေါက်တစ်ပိဿာကို ငွေကျပ် ၂၅၀၀တို့ဖြင့် နေ့စဉ်သိန်း ၂၀၀ ကျော်အထိ  ပုံမှန်လည်ပတ်ဖြန့်ဖြူးရောင်းချနေကြောင်း၊ မြန်မာ့ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများအရ သနပ်ခါးဝယ်ယူ သုံးစွဲမှုများပြားသည့်အတွက် နှစ်စဉ်အမြတ်ငွေရရှိမှုအနေဖြင့် ကိုဗစ်ကာလမတိုင်မီကာလများတွင် သိန်း၅၀၊ ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းဖြစ်ပွားပြီးနောက်ပိုင်း ခရီးသွားလာသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လွယ်လင့်တကူလှုပ်ရှားဆောင်ရွက်ရန် အခက်အခဲဖြစ်ပေါ် နေသောကြောင့် လက်ရှိတွင် တစ်နှစ်အမြတ်ဝင်ငွေ၁၀သိန်းရှိကြောင်း၊ ပွဲရုံဖွင့်ရောင်းချပေးသည့်အတွက် သနပ်ခါးလာရောက်ဝယ်ယူသူ များအနေဖြင့် ခြံအရောက်သွားရောက်ဝယ်ယူရသည့် အခက်အခဲများနှင့် အကြုံတွေ့ရသည့်အပြင် ပစ္စည်းမမှားသည့်သနပ်ခါးကို ဈေးနှုန်းသက်သာစွာဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်အလွန်ကာလတွင် ခရီးသွားလုပ်ငန်း များပြန်လည်ဖွင့်လှစ်လာပါက လက်ရှိသနပ်ခါးဈေး နှုန်းများထက် ဈေးကွက်ပိုမိုတိုးမြှင့်ရရှိလာနိုင်ကြောင်း ပခုက္ကူမြို့၊ အမှတ် (၁၀)ရပ်ကွက်၊ဗိုလ်ချုပ်လမ်း၊ မဟာဝိသုတာရာမ(အလယ်တိုက်)မြောက်ဖက်ရှိ ရွှေရည်ဝင်းသနပ်ခါး လက်လီလက်ကားပွဲရုံ ပိုင်ရှင် ဦးကျော်အောင်က ပြောသည်။

ထို့အပြင် ပခုက္ကူမြို့မဈေးကြီးအတွင်း သနပ်ခါးဈေးသည်တစ်ဦးက “ကျွန်မရောင်းတဲ့သနပ်ခါးက ရှင်မတောင်ဒေသ ထွက်သနပ်ခါး တွေဆိုတော့ တစ်နေ့ကို ၁၀၀၀၀ ဖိုးလောက်ရောင်းရပါတယ်။ ကိုဗစ်ကာလမ တိုင်ခင်တုန်းကဆိုရင် တစ်နေ့ကို တစ်သိန်းဖိုးလောက်အထိ ရောင်းရဖူးပါတယ်။ အခုနောက်ပို်ငး အလှကုန်ပစ္စည်းကိရိယာအဆန်းအပြား ပေါ်လာပေမယ့် မြန်မာ့ သနပ်ခါးကိုတော့ ကလေး၊လူငယ်၊လူကြီးအစ အထူးသဖြင့် မြန်မာအမျိုးသမီးတွေက ခုံမင်နှစ်သက်စွာ လိမ်းခြယ် အသုံးပြုကြပါတယ်။ မြန်မာ့သနပ်ခါးမှာထူးခြားတာက သင်းပြန့်သောရနှံ့နှင့်ပြည့်စုံတဲ့အပြင် လိမ်းခြယ်ထားသူရဲ့ အသားအရေ ကိုလည်း စိုပြေလှပစေခြင်း၊ ချောမွတ်စေခြင်း၊ အေးမြစေခြင်း၊ စိတ်ကြည်လင်လန်းဆန်းစေခြင်း၊ နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးခြင်း စတဲ့ ဂုဏ်အင်္ဂါတွေရရှိစေပါတယ်၊ အဲ့ဒါကြောင့်လည်း မြန်မာ့အမျိုးသမီးအများစုက ကောက်စိုက်ချိန်၊ ရေချိုးပြီးချိန်နှင့် ဘုရား သွား၊ ကျောင်းတက်၊ အလှူမင်္ဂလာပွဲလမ်းသဘင်များတွင်  ခုံမင်နှစ်သက်စွာ လိမ်းခြယ် သွားကြတာဖြစ်ပါတယ်” ဟုပြောပြသည်။

မြန်မာ့ရိုးရာသနပ်ခါးပင်မှာ ပြည်တွင်းဈေးကွက်ခိုင်မာမှုရှိသောကြောင့် အခြားသီးနှံများဖြစ်သည့် သရက်၊လျှော်ဖြူ၊ ဒန့်သလွန်နှင့် ကွမ်းတို့ထက် ပိုမိုးတိုးချဲ့စိုက်ပျိုးကြကြောင်း၊ မြန်မာ့ရိုးရာသနပ်ခါးပင်များကို မြန်မာနိုင်ငံအနှံ့အပြားတွင်တွေ့ရ သော်လည်းပူပြင်းခြောက်သွေ့သည့် မြန်မာပြည်အလယ်ပိုင်းအညာဒေသများတွင် ပို၍ဖြစ်ထွန်းကြောင်း၊ မြန်မာ့သနပ်ခါး အများစုစိုက်ပျိုးသည့်မြို့များမှာ ပခုက္ကူ၊ရေစကြို၊မြိုင်၊ ရှင်မတောင်၊ အရာတော်၊ ရွှေဘို၊ ဘုတလင်၊ယင်းမာပင်၊ မုံရွာ၊မြင်းမူ၊ ပေါက် မြို့တို့ဖြစ်ပြီး ရှေးမြန်မာဘုရင်များလက်ထက်မှစ၍ ယနေ့အထိ ထိန်းသိမ်းလာခဲ့ကြသည့်မြန်မာ့သနပ်ခါးကို မြန်မာ့ယဉ် ကျေးမှု အမွေအနှစ် တစ်ခုအဖြစ် ရေရှည်ဆက်လက်ရပ်တည်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)