ဘားအံတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ကြမည့် နည်းပြ၊သရုပ်ပြ ဆရာ၊ဆရာမသစ်လွင်များ မွမ်းမံသင်တန်းဆင်း ဘားအံမြို့မဈေးကြီးနှင့်အမှတ်(၁)အဆင့်မြင့်စံပြဈေးတို့အား ပြည်နယ်ဝန်ကြီးချုပ်သွားရောက်ကြည့်ရှုစစ်ဆေး

ဘားအံ ဒီဇင်ဘာ ၁၀

ပညာရေးဝန်ကြီဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဘားအံတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ကြ မည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမသစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်း က အဆိုပါတက္ကသိုလ် ရှိ ငုရွှေဝါခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘားအံ တက္ကသိုလ် ပရဝုဏ်အတွင်း တည်ဆောက်လျှက်ရှိသော တက္ကသိုလ်ဓမ္မာရုံအတွက် ငွေကျပ် သုံးဆယ့်နှစ်သိန်းလေးသောင်းကို ပေးအပ်လှူဒါန်းရာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ စိုးစိုးအေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းလမ်း ညွှန်အမှာစကားပြောကြားရာတွင် ဘားအံ တက္ကသိုလ်၌ တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမသစ်လွင်များကို ကရင်ပြည်နယ်မှ လှိုက်လှိုက်လှဲလှဲကြိုဆိုပါကြောင်း၊ နိုင်ငံတော်၏ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားဖို့ရာ ဆရာ၊ဆရာမများ၏ ဦးဆောင်လမ်းပြမှု၊ ကြိုးစားအား ထုတ်မှုပေါ်တွင် မူတည်နေပါကြောင်း၊ ယနေ့ သင်တန်းဆင်း ဆရာ၊ ဆရာမများကို စီမံ၊ ဘဏ္ဍာ၊ သင်တန်းရေးရာ၊ ခေတ်မီသင်ကြားနည်း စနစ်များဖြင့် ဘာသာရပ်ဆိုင်ရာများကို မွမ်းမံသင်တန်းတွင် တစ်လကြာ ပို့ချပေးခဲ့ပြီးဖြစ် ကြောင်း၊ လိုက်နာရမည့်စည်းကမ်း၊ တာဝန်၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုနှင့် ရှေ့ဆက်ဆောင်ရွက် ရမည့်လုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီးဖြစ်သည်ဟု ယူဆပါကြောင်း၊ ဆက်လက်လေ့လာ ကြိုးစားအားထုတ်သွားဖို့လိုကြောင်း ထည့်သွင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းနည်းပြ ဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်မှတ် များ ပေးအပ်ပြီး ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က ဆရာ၊ ဆရာမသစ်လွင်များအား သင်တန်းဆင်း လက်မှတ်များပေးအပ်ကာ သင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက သင်တန်းနည်းပြများအား ဂါရဝလက်ဆောင်များ ပေးအပ်သည်။

ယင်းနောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက သင်တန်းဆင်းဂုဏ်ပြုစကား ပြောကြားပြီး သင်တန်းသူတစ်ဦးက သင်တန်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ကြမည့် အသစ်ခန့်အပ်သော နည်းပြ၊ သရုပ်ပြ (၇၅)ဦးကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ညွှန်ကြားချက်ဖြင့် နိုဝင်ဘာလ ၈ ရက်နေ့မှ ဒီဇင်ဘာလ ၈ ရက်နေ့ထိ တစ်လကြာ မွမ်းမံသင်တန်းပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲအပြီးတွင် အမှတ်တရစုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးခဲ့ကြကာ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များနှင့် တာဝန်ရှိသူ များက သင်တန်းဆင်း နည်းပြ၊သရုပ်ပြ ဆရာ၊ဆရာမသစ်လွင်များအား တစ်ဦးချင်းစီ ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းနှင့် တာဝန် ရှိသူများသည် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဘားအံမြို့နယ ်ည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီး သို့သွားရောက်ပြီး ဈေးကွက်ဖော်ဆောင်ထားရှိမှု အခြေ အနေ၊ ဆိုင်ခန်းများနေရာချထားမှုအခြေအနေ၊ မီးဘေးလုံခြုံ ရေးဆောင်ရွက်ထားရှိမှုအခြေအနေ၊ ရေ၊ မီး၊ မိလ္လာ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဈေးသန့်ရှင်းရေးဆောင်ရွက်ထား ရှိမှု အခြေအနေ များအား ကြည့်ရှု့စစ်ဆေးရာ ဈေးတာဝန်ခံရုံးခန်း၌ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြား ရေးမှူး သူရမြင့်သူ၊ ဈေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဘားအံမြို့မဈေးအတွင်း ဆောင် ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များလမ်းညွှန်မှာကြားကာ ဈေးအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)အဆင့်မြင့်စံပြဈေးသို့ သွားရောက်၍ ဈေး အုပ်ချုပ် ရေးမှူးရုံးခန်း၌ ဈေးကော်မတီဝင်များနှင့်တွေ့ဆုံ၍ လိုအပ်ချက်များ၊ အခက်အခဲများအား မေးမြန်းဆွေးနွေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးနှင့် ဈေးကော်မတီဝင်များ က အမှတ်(၁)စံပြဈေးသည် သားငါး၊ ကုန်စိမ်း ကုန်စည်ဒိုင်ဈေးဖြစ်သည်နှင့်အညီ ဆိုင်ခန်းပေါင်း (၁၆၅၂)ခန်းရှိပြီး ကြုံတွေ့နေရသည့်အခြေအနေများနှင့် လိုလားချက်များအား ဆွေးနွေးတင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှိုက်နှင့်ရေဆိုးစွန့်ပစ်သည့်စနစ်၊ အများသုံး သန့်စင်ခန်းများနှင့် ဈေးအတွင်းလှည့်လည်ကြည့်ရှု့ခဲ့ကြကာ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)