ဒေးဒရဲမြို့၌ မီးဘေးလုံခြုံရေးကြီးကြပ်မှုအဖွဲ့ ပြင်ဆင်ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဒေးဒရဲ     ဒီဇင်ဘာ    ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးဘေးလုံခြုံရေး ကြီးကြပ်မှု ကော်မတီ ပြန်လည်ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မီးဘေးလုံခြုံရေး ကြီးကြပ်မှုအဖွဲ့ ပြန်လည်ဖွဲ့စည်းနိုင်ရေးနှင့် တက်ရောက်လာကြသူများက မြို့နယ်အတွင်း မီးဘေးနှင့်ပတ်သတ်ပြီး လိုအပ်ချက်များကို အကြံပြုဆွေးနွေးနိုင်ရေး၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ မီးဘေးလုံခြုံရေးအတွက်  ရံပုံငွေသုံးစွဲမှု အခြေအနေများအားအကြံပြု ဆွေးနွေး နိုင်ရေး အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဝင်စိုးက မီးဘေးလုံခြုံရေး မီးကင်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်းက မြို့မဈေးအတွင်း မီးဘေးကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ က အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၃) ရပ်ကွက်များတွင် မီးဘေးကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မြို့မိမြို့ဖများက မီးဘေးလုံခြုံရေး ရန်ပုံငွေသုံးစွဲမှု အခြေအနေများနှင့် စက်သုံးဆီ၊ ဂက်စ်အရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေးထားရှိမှု အခြေအနေများကို တင်ပြခဲ့ရာ တက်ရောက်လာသူများက မီးဘေး အန္တရာယ်ကျရောက်ပါက အချိန်နှင့်တပြေးညီ လျင်မြန်စွာ မီးငြိမ်းသတ်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခြင်းနှင့် ဆီဆိုင်၊ ဆန်စက်၊ သစ်ခွဲစက်များတွင် လုံလောက်သည့် မီးဘေးလုံခြုံရေး အကာအကွယ်များ ထားရှိနိုင်ရေး၊ ရပ်ကွက် များတွင် သယ်ယူလွယ်သည့် အပေါ့စားမီးသတ်စက်များ ထားရှိနိုင်ရေး အကြံပြုဆွေးနွေးခဲ့ပြီး မီးဘေးလုံခြုံရေး ကြီးကြပ်မှုအဖွဲ့က မြို့နယ် အတွင်းမီးဘေးကာကွယ်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း (ပြန်/ဆက်)