ထားဝယ် ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်၌ ဘာသာရပ်အသီးသီးတွင် အသစ် ခန့်အပ်ထားသော နည်းပြ၊ သရုပ်ပြဆရာ/ဆရာမ သစ်လွင်များ မွမ်းမံသင်တန်း ပြီးမြောက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ရှေ့လုပ်ငန်းစဉ် များချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများမှာလည်း အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးသည်နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင်အခြေခံကျသော အခန်းကဏ္ဍမှာ ပါဝင်သည့်အတွက် ပညာရေးကဏ္ဍများတွင် အခြေခံလိုအပ်ချက်ဖြစ် သောဆရာ/ဆရာမများ တိုးချဲ့ဖြည့်စွက် ခန့်ထားနိုင်ရန် သက်ဆိုင်ရာ တက္ကသိုလ်များအလိုက် ဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းဒေသကြီး ၏တက္ကသိုလ်တစ်ခုဖြစ်သော ထားဝယ်တက္ကသိုလ်တွင် ပညာသင်ကြားပေးမည့် ဆရာ/ဆရာမများသည် လိုရာထုဆစ်ပုံသွင်းနိုင် သော ပန်းပုဆရာများဖြစ်ကြောင်း၊ကျောင်းသား လူငယ်မောင်မယ်များ၏ လိုရာခရီးကို ဆောင်ကြဉ်း ပေးနိုင်သော မီးပြတိုက်ကဲ့သို့ မွေးထုတ်ပေးခဲ့သည့် ဆရာ/ဆရာမများအား တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ သင်တန်းဆင်းဆရာ/ဆရာမများ အနေဖြင့် ကျောင်းသား /သူများအားစည်းကမ်းကောင်းသူ၊ ကြိုးစားသူ၊ ရိုးသားသူများဖြစ်အောင် စာရိတ္တပိုင်းဆိုင်ရာ မြှင့်တင်ပေးရန်လိုအပ်ပါကြောင်း၊ ကျောင်းသား/သူများ၏ ပညာရေးကို သင်ကြားပေးသကဲ့သို့ ဆရာ/မ များအနေဖြင့်လည်း တတ်မြောက်နေသော ပညာရပ်များ ဖြင့်သာမက ယခုထက်အဆင့်မြင့်သော ပညာရပ်များကိုဆည်းပူးလေ့လာပြီး ဘဝကိုကြိုးစား ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘာသာရပ်အသီးသီးအတွက် သစ်လွင်ဆရာ/ဆရာမ (၄၄)ဦးအား သင်တန်းဆင်းလက်မှတ်ပေးအပ်ပြီး ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦး က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)