ကော့သောင်းမြို့တွင် ရပ်ကွက်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေး

ကော့သောင်း  ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm အားရပ်ကွက်အလိုက်ဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ်အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရွှေဇင်ယော် ရပ်ကွက်နှင့် အောင်သုခရပ်ကွက်ပြည်သူများအား သက်ဆိုင်ရာဆေးထိုးစုရပ်အသီးသီး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် အမှတ်(၁၃)ကုတင်(၁၀၀) တပ်မတော်ဆေးတပ်ဖွဲ့ဝင်များ၊ စစ်ဗျူဟာအဖွဲ့ (ကော့သောင်း) ဆေးတပ်ဖွဲ့နှင့်ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေး ဝန်ထမ်းများက ပူးပေါင်းထိုးနှံပေးခြင်းဖြစ်သည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးရန်စာရင်းပေးထားသည့် မြို့နေပြည်သူမည်သူ့ကိုမဆို ထိုးနှံပေးခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအထိ  သတ်မှတ်ရက်များအလိုက် ဆေးထိုး အဖွဲ့များဖြင့် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ပြီး ယနေ့ ပထမကြိမ်ဆေးထိုးနှံပြီးသူ အေးရိပ်ငြိမ် ရပ်ကွက်မှ (၅၀၀)ကျော်ခန့်၊ ရွှေဇင်ယော်ရပ်ကွက်မှ (၃၀၀)ဦးနှင့် အောင်သုခရပ်ကွက်မှ (၂၀၀)ဦးကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)