ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဟားခါး     ဒီဇင်ဘာ      ၉

 

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ချင်းပြည်နယ်အတွက် ကိုဗစ်−၁၉ ကာကွယ်ဆေးများကို တပ်မတော် ရဟတ်ယာဉ်ဖြင့် ကူညီသယ်ယူပို့ဆောင်ပေးခြင်းဖြစ်သည့်အတွက် မြို့နယ်အလိုက်ကာကွယ်ဆေးထိုးနှံ ရမည့် စာရင်းများတင်ပြရာတွင် သေချာစိစစ်ပြီးမှ တင်ပြရန်လိုကြောင်း၊ မိမိပြည်နယ်၏ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေကို စိစစ်သုံးသပ်ရာတွင် ဒေသအခြေအနေအရ အားနည်းချက်များ ရှိသည့်အတွက် ရာခိုင်နှုန်းအပြည့်ထိုးနှံနိုင်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ကိုဗစ်−၁၉ ရောဂါ RDT Test Kit ဖြင့် မြို့နယ်အလိုက် စစ်ဆေးနိုင်မှုလျော့နည်းလာသည့်အတွက် ပိုမိုစစ်ဆေးနိုင်ရေး ကြပ်မတ်ရန်လိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်မှု ၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ ကိုဗစ်−၁၉ အသိပညာပေးလုပ်ငန်းနှင့် Mask Campaign လုပ်ငန်း များ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် တင်ပြချက်အများအပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်း တို့က မြို့နယ်များမှတင်ပြသည့် ကိုဗစ်−၁၉ ရောဂါကာကွယ်ပစ္စည်းများ၊ ဆေးဝါးပစ္စည်း နှင့် ပတ်သက်၍ စနစ်တကျစိစစ်တင်ပြရေး၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်နှင့်နီးစပ်သည့်ကျေးရွာများသို့ပါ ထိုးနှံဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပြီးစီးမှုစာရင်းဇယားများပြုစုရာတွင် မှန်ကန်စွာ စနစ်တကျပြုစုရေးအတွက် ကြပ်မတ်ရန်ကိစ္စများကို အကြံပြု ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

                                                                                   

ခရိုင် ( ပြန်/ဆက် )