အောင်လံမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲ ကျင်းပ

အောင်လံ ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်ရှိ Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၊ လူငယ်အသင်း (Youth Club)၊ မြို့နယ် အမျိုးသမီးရေးရာ‌အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့ပူးပေါင်း၍ ဆရာအောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးခဲ့ကြသည်။

ရှေ့ဦးစွာ မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက ပြည်သူများစာအုပ်စာစောင် ဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေ ချစ်မြတ်နိုးသူများ ချစ်ခင်ရင်းနှီးမှု ရရှိစေရေးရည်ရွယ်၍ စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး (Book Club) အသင်းဥက္ကဋ္ဌ ဦးတင်ဝင်း၊ ဒု-ဥက္ကဋ္ဌ ဦးသန်းထွန်း၊ အဖွဲ့ဝင် ဦးမြင့်ရှိန်၊ (Youth Club)အသင်း အတွင်းရေးမှူး ဦးစိုးသူရ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သင်းသင်းရီတို့မှ စာရေးဆရာအောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေစာအုပ်ပါ အကြောင်းအရာနှင့် ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်များ အသိများကို အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြပြီး မြို့နယ်အုပ်ချုပ်မှူး ဦးကျော်နိုင်က  စာဖတ်ဝိုင်း ဆွေးနွေးမှုအပေါ် အနှစ်ချုပ်သုံးသပ်ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးမှူးနှင့် ဝန်ထမ်းများက သုတ/ ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသထားမှုကို စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများမှ ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)