သာပေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)နှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်

ပုသိမ်   ဒီဇင်ဘာ   ၁၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု၊ (၆)လ ဘဏ္ဍာရေးနှစ်အတွင်း ခွဲဝေရရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာ(၄)ရွာနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း (၂)ယူနစ်၊ (၂)ရွာ သို့ ယမန်နေ့ နံနက်ပိုင်းက စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့  သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စီမံကိန်းကျေးရွာများမှ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာစီမံကိန်း ကော်မတီ ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝတ်ရည်စိုးမှ အခမ်းအနား ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာများမှ စီမံကိန်းကျေးရွာများသို့ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့ပြီး စီမံကိန်းကျေးရွာများကိုယ်စား အုပ်ချုပ် ရေးမှူး(၂)ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)သည် စီမံကိန်းကျေးရွာ (၁)ရွာလျှင် ငွေကျပ်သိန်း (၁၀၀)ထောက်ပံ့ပေးအပ်၍ ကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီမံများရေးဆွဲ၍ အခြေခံအဆောက်အအုံများ တည်ဆောက်ပေး သည့် စီမံကိန်းလုပ်ငန်းဖြစ်ပြီး၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းသည် စီမံကိန်း (၁) ယူနစ်လျှင် မတည်ငွေကျပ်သိန်း(၃၀၀) ထောက်ပံ့၍ အရင်းမပျောက် လည်ပတ်ရန်ပုံငွေအဖြစ် ကျေးရွာသို့ မတည်ပေးသည့်စီမံကိန်း ဖြစ်သည်။ ၂၀၂၁ - ၂၀၂၂ ခု (၆)လဘတ်ဂျတ်တွင် ဆောင်ရွက် သည့်  စီမံကိန်းများကြောင့် ကျေးရွာ(၆)ရှိ အိမ်ခြေ (၈၇၈)အိမ်၊ လူဦးရေး (၄၂၃၉)ဦးတို့အား အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သိရှိရသည်။

ပုသိမ်ခရိုင် (ပြန်/ဆက်)