ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

ချောင်းဦး    ဒီဇင်ဘာ   ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ ဆေးရုံဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။

ချောင်းဦးမြို့နယ် အနော်ရထာခန်းမတွင် ဆေးထိုးစုရပ်ပြုလုပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို မတ်လ ၂၃ ရက်နေ့မှစတင်ပြီး နေ့စဥ်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ ယခုအခါ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုးသည် ကမ္ဘာ့နိုင်ငံ အသီးသီးသို့ စတင်ကူးစက် ပျံ့နှံ့လျက်ရှိရာ အဆိုပါရောဂါအား ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုး နှံမှု့ ခံယူခြင်းနှင့် ကာကွယ် ရေးနည်း လမ်းများကို တိတိကျကျ လိုက်နာနေထိုင်ခြင်း အားဖြင့် မိမိကိုယ်ကိုကာကွယ်နိုင်ခြင်း၊ အခြားသူများ ကိုလည်းရောဂါကူးစက်မှု့မှ ကာကွယ်နိုင်ခြင်း၊ အိုမီခရွန်(Omicron) အပါအဝင် မျိုးရိုးဗီဇပြောင်းပိုးများ ကူးစက်မှု့မှ ကာကွယ်နိုင်ခြင်း၊ ရောဂါကူးစက်မှု့ကွင်းဆက်ကို ဖြတ်တောက်နိုင်ပြီး ကျန်းမာရေးဝန်ထမ်းများ၏ အလုပ် တာဝန်ပိမှုကို လျော့ချနိုင်ခြင်း အကျိုးကျေးဇူးများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသံချဲ့ စက်ဖြင့် မြို့နယ်ပြန်ဆက်ဝန်ထမ်းများက မြို့နယ်အတွင်း ကြေညာပေးလျက်ရှိသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ဆေးရုံမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းမှစတင်ပြီး ချောင်းဦးမြို့ အထွက် အဝင်ဂိတ်တွင် သွားလာနေကြသည့် ခရီးသည်များ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု့များကို စစ်ဆေး၍ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံရသေးသူ ၁၀၆ ဦးအား ကွင်းဆင်းထိုးနှံပေးခဲ့သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး နေမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့် အနေဖြင့် ချောင်းဦးမြို့မစျေးကြီးအတွင်း အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့ တိုင်း နံနက်၈နာရီမှ ၁၀နာရီအထိ အသက်၁၈နှစ်အထက် ကာကွယ်ဆေးမထိုးနှံရ သေးသူများအား ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရမည့်ပြည်သူ ၉၁၁၆၈ ဦးရှိပြီး လူဦးရေ၏ထက်ဝက် ၄၅၅၈၄ ဦးတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသူ ၁၅၆၂၉ ဦး(ရာခိုင်နှုန်းအားဖြင့်၃၄.၂၈ ရာခိုင်နှုန်း)၊ဒုတိယ အကြိမ် ထိုးနှံပြီးသူ ၁၃၅၅၄ ဦး (၂၉.၇၃ရာခိုင်နှုန်း) ထိုးနှံပြီးစီးကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရှိရပါသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)