VDP စီမံကိန်းရန်ပုံငွေကျပ်သိန်း (၇၀၀)အသုံးပြု၍ ဝန်းသိုမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်

ဝန်းသို  ဒီဇင်ဘာ  ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ နမှ ၂၀၂၁-၂၀၂၂ ခု (၆)လဘဏ္ဍာရေးနှစ်အတွင်း (VDP)ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၇၀၀)အသုံးပြု၍ ကျေးရွာပေါင်း ၇ ရွာတွင် လမ်း၊ တံတားနှင့် ရေပေးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း ထံမှ သိရသည်။

ကျေးရွာတစ်ရွာလျှင်စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၀၀ စီဖြင့် ဝန်းသိုမြို့နယ် တုံးကြိတ်ကျေးရွာနှင့် ချမ်းမြသီတာကျေးရွာတို့တွင် လမ်းအရှည်ပေ (၅၀၀)ရှိ ရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ပန်းညိုကျေးရွာနှင့် သင်တောကျေးရွာတို့တွင် လမ်းအရှည်ပေ (၃၀၀၀)ရှိ ရွာတွင်းလမ်း ဂျင်းမြေ/ သဲကျောက်/ ကျောက်ရောမြေခင်းခြင်းလုပ်ငန်း၊ ဆပ်သွားကျင်းကျေးရွာတွင် မြေသားလမ်းချဲ့ခြင်းလုပ်ငန်း၊ ဂွေးကုန်းကျေးရွာတွင် ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းနှင့် အောင်ဇာနည်ကုန်းကျေးရွာတွင် ရေရရှိရေ (စက်ရေတွင်းတူးဖော်ခြင်း) လုပ်ငန်းတို့ကို စုစုပေါင်းရန်ပုံငွေကျပ်သိန်း (၇၀၀)နှင့် ကျေးရွာပြည်သူ ပူးပေါင်းထည့်ဝင်ငွေကျပ် (၂၅.၆)သိန်းတို့ဖြင့် ကျေးရွာပြည်သူများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အထိ  ကျေးရွာပေါင်း (၁၂၀) တို့တွင် လမ်း၊ တံတား၊ ရေရရှိရေး စသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ယခု ကျေးရွာပေါင်း ၇ ရွာတို့၌  ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ (၄၂၁)အိမ်၊  အိမ်ထောင် စု(၄၂၂)စု၊ လူဦးရေ (၂၂၇၄)ဦးတို့အတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)